ဇာဗီဆိုင်မွန်ရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်တွေကို ဝိန်းရွန်နီနဲ့ ဂယ်ရီလိုင်နီကာ ဝေဖန်

0

မနေ့က နယ်သာလန်(ဝ-ဝ)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ နယ်သာလန်အသင်းတိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာနဲ့ VAR ဒိုင် အက်ဒ်ဝဲလ်တို့ကို အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်နီနဲ့ ဂယ်ရီလိုင်နီကာတို့က ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။

အငြင်းပွားစရာအဖြစ်အပျက်ဖြစ်ခဲ့တဲ့ ဒီပွဲစဉ်ဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂိုးမသွင်းယူနိုင်တဲ့ ပထမဆုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ဇာဗီဆိုင်မွန်ဟာ နယ်သာလန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နယ်သာလန်အသင်းနောက်ခံလူ ဒမ်ဖရိုင်းစ်ဟာ ဂိုးသမားကို အနှောက်အယှက်ပေးတယ်ဆိုပြီး စည်းကြပ်ဒိုင်က အလံထောင်ကာ လူကျွံဘောအဖြစ်ပြသခဲ့ပါတယ်။ VAR ကလည်း ဒီအဖြစ်အပျက်ကို ပြန်လည်စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ (၂)မိနစ်ကျော်ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ဝိန်းရွန်နီအပါအဝင် ကြည့်ရှုသူအချို့က သဘောမတူခဲ့ကြတာဖြစ်ပါတယ်။

ဝိန်းရွန်နီက “ဒါဟာ ဂိုးဖြစ်ပြီး ဂိုးကိုခွင့်မပြုသင့်တဲ့ နည်းလမ်းမရှိပါဘူး။ ဒိုင်လူကြီးအနေနဲ့ မော်နီတာသွားကြည့်ရင် သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ထွက်လာမှာပါ”လို့ ပြောခဲ့ပါတယ်။ ဂယ်ရီလိုင်နီကာကလည်း ကွင်းလယ်ဒိုင်လူကြီးက မော်နီတာသွားမကြည့်တာက ထူးဆန်းတဲ့အရာပဲလို့ မှတ်ချက်ပြုခဲ့တာပါ။ စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က VAR အနေနဲ့ ကွင်းလယ်ဒိုင်လူကြီးကို မော်နီတာမှာ သွားရောက်စစ်ဆေးဖို့ ပြောသင့်တယ်လို့ ဆိုခဲ့ပါတယ်။

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဒီအဖြစ်အပျက်မှာ ဒမ်ဖရိုင်းစ်က ပြင်သစ်အသင်းဂိုးသမားကို အနှောက်အယှက်မပေးခဲ့တာကြောင့် သွင်းဂိုးကို ခွင့်ပြုခဲ့သင့်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။ နယ်သာလန်အသင်းနဲ့ ပြင်သစ်အသင်းတို့ဟာ သရေရလဒ်ကြောင့် အုပ်စုတွင်းဒုတိယပွဲစဉ်ကစားအပြီးမှာ ရမှတ်(၄)မှတ်စီရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *