ရလဒ်ဆိုးတွေကြောင့် ဝေးလ်စ်အသင်းနည်းပြရာထူးက ရော့ဘ်ပေ့ချ် ထုတ်ပယ်ခံရ

0

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်(FAW)ဟာ ဝေးလ်စ်လက်ရွေးစင်အသင်းကို (၃)နှစ်ခွဲကြာကိုင်တွယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ်ကို ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်လိုက်ပါတယ်။

အသက်(၄၉)နှစ်အရွယ်ရှိ ရော့ဘ်ပေ့ချ်ဟာ ဝေးလ်စ်အသင်းကို နှစ်ပေါင်း(၆၄)နှစ်အကြာမှ ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဥ်​ပြိုင်မှုအဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရို-၂၀၂၀ ပြိုင်ပွဲမှာ Round of 16 ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

ဒါပေမယ့် ဝေးလ်စ်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်မြင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျီဘရောလ်တာအသင်းနဲ့ ဂိုးမရှိသရေ၊ ဆလိုဗက်ကီးယားအသင်းကို (ဝ-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီး ရလဒ်တွေဆိုးခဲ့ပါတယ်။ ဒီလိုတွေကြောင့် ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်(FAW) တာဝန်ရှိသူတွေဟာ တစ်ပတ်ကျော်ကြာဆွေးနွေးမှုပြုလုပ်ပြီးနောက် အပြောင်းအလဲပြုလုပ်ဖို့ သဘောတူညီမှုရရှိခဲ့အတွက် နည်းပြ ရော့ဘ်ပေ့ချ်ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။

ရော့ဘ်ပေ့ချ်ဟာ ပြီးခဲ့တဲ့ ဝေးလ်စ်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေနဲ့ လှောင်ပြောင်မှုတွေခံခဲ့ရပြီး သူကိုယ်တိုင်ကလည်း ဝေးလ်စ်ပရိသတ်တွေ သူ့ကို ထွက်သွားစေချင်တယ်ဆိုတာ နားလည်တယ်လို့ ဆလိုဗက်ကီးယားအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ရော့ဘ်ပေ့ချ်ဟာ ၂၀၂၀ နိုဝင်ဘာမှာ နည်းပြဟောင်း ရိုင်ယန်ဂစ်နေရာအစားထိုးဝင်ရောက်ပြီး ဝေးလ်စ်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တာပါ။

ရော့ဘ်ပေ့ချ်ဟာ ဝေးလ်စ်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝေးလ်စ်အသင်းရဲ့နောက်ပိုင်းရလဒ်ဆိုးတွေကြောင့် ရော့ဘ်ပေ့ချ်ဟာ ထုတ်ပယ်ခံရဖို့ ဖြစ်လာခဲ့တာပါ။ ဝေးလ်စ်အသင်းဟာ စက်တင်ဘာမှာ UEFA Nations League ပွဲတွေ ကစားဖို့ရှိလို့ နည်းပြသစ်ရှာဖွေမှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *