စီရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကွင်းအတွင်းဝင်လာတဲ့ ဖြစ်ရပ်တွေအတွက် UEFA စုံစမ်းစစ်ဆေး

0

မနေ့က တူရကီ(ဝ-၃)ပေါ်တူဂီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကွင်းအတွင်းဝင်ရောက်လာခဲ့တဲ့ ဖြစ်ရပ်(၆)ခုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ အသက်(၃၉)နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ဒုတိယပိုင်းအတွင်း ကွင်းအတွင်းဝင်ရောက်လာတဲ့ ကလေးငယ်တစ်ဦးနဲ့ ဆယ်လ်ဖီရိုက်ခဲ့ပြီးနောက် ပွဲမပြီးခင်မှာ နောက်ထပ်ပရိသတ်(၃)ဦးက ကွင်းအတွင်းထပ်ပြီးဝင်ရောက်လာခဲ့တာပါ။

ပေါ်တူဂီအသင်းနဲ့အတူ စီရော်နယ်ဒို ပွဲအပြီးအောင်ပွဲခံချိန်မှာ နောက်ထပ်အမျိုးသား(၂)ဦးက လုံခြုံရေးအတားအဆီးတွေကို ကျော်ဖြတ်ပြီး သူ့ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ကစားသမားတွေရဲ့ဘေးကင်းရေးအတွက် သူစိုးရိမ်မိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ရောဘတ်တိုမာတီနက်ဇ်က “ပရိသတ်တွေရဲ့ချစ်ခြင်းကိုရတာကောင်းပေမယ့် ဒီလိုမဟုတ်ရင်တော့ စိုးရိမ်စရာပါပဲ။ ဒါက မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ ပရိသတ်တွေကို မက်ဆေ့ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက မဖြစ်သင့်ပါဘူး”လို့ ပြောခဲ့တာပါ။

ပေါ်တူဂီအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကတော့ ပရိသတ်တွေကွင်းထဲဝင်ရောက်လာတဲ့အပေါ် စိုးရိမ်မှုမရှိပေမယ့် ဒီလိုဖြစ်လာတိုင်းပွဲကို ခဏခဏရပ်တန့်နေရတဲ့အပေါ်မှာ စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲအပြီးမှာ ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးအနောက်ကိုလိုက်ရင်းနဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ ပေါ်တူဂီအသင်းတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို တိုက်မိသွားခဲ့တာပါ။ ဂွန်ကာလိုရာမို့စ်ဟာ ဒီဖြစ်ရပ်ကြောင့် နာကျင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

UEFA ဟာ လက်ရှိအချိန်မှာ ဒီအဖြစ်အပျက်တွေအပေါ် သုံးသပ်မှုတွေပြုလုပ်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *