ဘယ်လ်ဂျီယံ-ရိုမေးနီးယားပွဲက လူကာကူရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို အီယန်ရိုက် ဝေဖန်

0

မနေ့က ဘယ်လ်ဂျီယံ(၂-ဝ)ရိုမေးနီးယား ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသွင်းယူတဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က ဝေဖန်ခဲ့ပါတယ်။

လူကာကူဟာ ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အလိုအလျောက်လူကျွံဘောဖမ်းတဲ့နည်းပညာနဲ့ လူကျွံဘောအဖြစ်သတ်မှတ်ကာ ပယ်ဖျက်ခံခဲ့ရတာပါ။

လူကာကူဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုး(၃)ဂိုးအထိ သွင်းယူထားပေမယ့် (၃)ဂိုးစလုံးပယ်ဖျက်ခံခဲ့ရတာကြောင့် သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတာဖြစ်ပါတယ်။ ရိုမေးနီးယားအသင်းနဲ့ပွဲစဉ်မှာ လူကာကူသွင်းယူခဲ့တဲ့ဂိုးကို ပယ်ဖျက်ခဲ့တဲ့အပေါ် အီယန်ရိုက်က ITV Sport မှာ ဝေဖန်မှုပြုလုပ်သွားခဲ့တာပါ။

အီယန်ရိုက်က “တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဒီလိုလူကျွံဘောမျိုးကို ဘယ်တော့မှလက်ခံနိုင်မှာမဟုတ်ပါဘူး။ နောက်တန်းနဲ့ ရှေ့တန်း အတူတူရင်ဆိုင်နေတဲ့အချိန်မှာ ကျွန်တော်ကတော့ ဒါကိုနားမလည်နိုင်ပါဘူး။ ခင်ဗျားတို့က မီလီမီတာအကြောင်းကို ပြောနေပါတယ်။ ကျွန်တော်ကတော့ လူကျွံဘောဆိုတာ လက်မခံနိုင်ဘူး”လို့ ဆိုခဲ့ပါတယ်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက လူကျွံဘောနည်းပညာသာမရှိရင် ဒါဟာ သေချာပေါက်ခွင့်ပြုသင့်တဲ့ဂိုးလို့ ပြောခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆလိုဗက်ကီးယားအသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေရှင်သန်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *