အင်္ဂလန်ကစားသမားတွေသာ ပါဝင်တဲ့ အစည်းအဝေးတစ်ခုကို ဟာရီကိန်း ခေါ်ယူခဲ့

0

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့(၁)ဂိုးစီသရေကျခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အပြီးမှာ အင်္ဂလန်ကစားသမားတွေသာပါဝင်တဲ့ အစည်းအဝေးတစ်ခုကို ခေါ်ယူခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပေမယ့် အုပ်စုပွဲစဉ်(၂)ပွဲကစားအပြီးမှာ ခြေစွမ်းပိုင်း ကောင်းမွန်မှုမရှိတဲ့အတွက် ဝေဖန်မှုတွေခံနေရတာပါ။

ဒီပြိုင်ပွဲမတိုင်ခင်က အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ခေါင်းဆောင်မှုအဖွဲ့အသစ်ဖွဲ့စည်းခဲ့ပြီး အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဒီထဲမှာ ပါဝင်တဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံရပြီးနောက် ဟာရီကိန်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မတိုင်ခင်မှာ သူအပါအဝင် အင်္ဂလန်ကစားသမား(၂၆)ဦးနဲ့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ The Sun က ဖော်ပြထားတာပါ။

အသက်(၃၀)နှစ်အရွယ်ရှိ ဟာရီကိန်းဟာ အင်္ဂလန်အသင်းစခန်းအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ကစားသမားတွေကို သူတို့ရဲ့စိတ်ပျက်မှုဖော်ထုတ်ဖို့ အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်းဟာ ဒီအစည်းအဝေးမှာ ဘယ်နည်းပြအဖွဲ့ဝင်ကိုမှ ဖိတ်ခေါ်ခဲ့ခြင်းမရှိဘဲ ကစားသမားတွေနဲ့သာ ပြုလုပ်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကို ခက်ခဲစွာစတင်အပြီးမှာ ဟာရီကိန်းက အသင်းအတွင်းစည်းလုံးမှုပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပြီး ကစားသမားတွေရဲ့စွမ်းဆောင်ရည်၊ သူတို့ကစားချင်တဲ့ နေရာနဲ့ ကွာခြားမှုတွေအကြောင်း ပြောဆိုဖို့ အခွင့်အရေးပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန်(၂၆)ရက်မှာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရင် အုပ်စုထိပ်ဆုံးနဲ့ Round of 16 ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *