ပေးချေရခြင်းမရှိသေးတဲ့ လစာနဲ့ အပိုဆုကြေးအတွက် ယူရိုသန်း(၁၀၀)ပေးဖို့ PSG ကို ဘာပေ တောင်းဆို

0

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ PSG အသင်းကနေ သူရဖို့ရှိနေတဲ့ ယူရိုသန်း(၁၀၀)အတွက် သူ့ရဲ့တရားဝင်ကိုယ်စားလှယ်တွေကနေ တဆင့် တရားဝင်တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ ‘L’Equipe’ က ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မယ့် ဘာပေနဲ့ PSG အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီလအကုန်မှာ ကုန်ဆုံးတော့မှာပါ။

ဘာပေဟာ ပြင်သစ်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေချိန်မှာ သူ့ရဲ့တရားဝင်ကိုယ်စားလှယ်တွေဟာ PSG အသင်းဆီကနေ ယူရိုသန်း(၁၀၀)တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ PSG အသင်းဆီကနေ ဧပြီနဲ့မေအတွက် လုပ်ခလစာမရရှိသေးသလို သစ္စာရှိမှုအတွက် အပိုဆုကြေးအပါအဝင် ရာသီကုန်ဆုံးချိန်မှာ ရရှိမယ့် အပိုဆုကြေးတွေကို လိုချင်နေတာပါ။

Soccer Football – Ligue 1 – Paris St Germain v Ajaccio – Parc des Princes, Paris, France – May 13, 2023 Paris St Germain’s Kylian Mbappe reacts REUTERS/Christian Hartmann

PSG အသင်းဟာ ဘာပေနဲ့ စာချုပ်ရှိနေတဲ့ ဇွန်အတွက် လစာကိုပါပေးချေဖို့ပါ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဘာပေရဲ့တောင်းဆိုမှုကြောင့် ဘာပေနဲ့ PSG အသင်းအကြီးအကဲ အယ်လ်ခီလိုင်ဖီတို့ကြားမှာ ဆက်ဆံရေးပိုပြီးတင်းမာသွားနိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားတာပါ။ ဘာပေဟာ ပြီးခဲ့တဲ့ရာသီအစပိုင်းက PSG အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး နောက်ပိုင်းမှာ အယ်ခီလိုင်ဖီနဲ့ နှုတ်သဘောတူညီမှုကြောင့် ပြန်လည်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့သဘောတူညီမှုမှာ ဘာပေအနေနဲ့ PSG အသင်းကနေ အလွတ်နဲ့ထွက်ခွာသွားရင် အပိုဆုကြေးအချို့ကို စွန့်လွှတ်ရမယ်ဆိုတဲ့ အချက်ပါဝင်နေတာပါ။ ဒါပေမယ့် ဒီသဘောတူညီမှုဟာ စာရွက်ထဲမှာ လက်မှတ်မထိုးဘဲ နှုတ်နဲ့ သဘောတူညီမှုသာဖြစ်တယ်လို့ ‘L’Equipe’ က ဖော်ပြထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *