VAR က ပယ်နယ်တီမပေးခဲ့တာကို နားမလည်ဘူးလို့ စကော့တလန် နည်းပြ ဆို

0

မနေ့က စကော့တလန်(ဝ-၁)ဟန်ဂေရီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ မိမိတို့အသင်းရရှိမယ့် ပယ်နယ်တီကို VAR က မပေးခဲ့တဲ့အပေါ် နားမလည်နိုင်ဘူးလို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲပြီးဖို့(၁၀)မိနစ်အလိုမှာ စကော့တလန်ကွင်းလယ်လူ အမ်စထရောင်းကို ဟန်ဂေရီနောက်ခံလူ အော်ဘန်က ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပယ်နယ်တီမပေးခဲ့သလို VAR ကလည်း စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းမရှိတာပါ။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စတိဗ်ကလပ်ခ်က “ဒါက (၁၀၀)ရာခိုင်နှုန်း ပယ်နယ်တီပါ။ VAR က ဒါကိုဘယ်လိုကြည့်ပြီး ပယ်နယ်တီမဟုတ်ဘူးလို့ပြောတာကို ကျွန်တော်နားမလည်နိုင်ပါဘူး။ ဒါက ဘာလို့ပယ်နယ်တီမဟုတ်ဘူးလဲဆိုတာ ကျွန်တော့်ကို တစ်စုံတစ်ဦးက ရှင်းပြရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ဒါက မှားနေပြီ”လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းနဲ့ BBC ရဲ့ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အလန်ရှီးယားကလည်း စကော့တလန်အသင်း ပယ်နယ်တီရရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲစဉ်ကို ကိုင်တွယ်ဖို့ အာဂျင်တီးနားလူမျိုးဒိုင်လူကြီးကို တာဝန်ပေးတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာပါ။ စကော့တလန်အသင်းဟာ ဟန်ဂေရီအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ယူရို-၂၀၂၄ အုပ်စုပွဲစဉ်(၃)ပွဲကစားအပြီးမှာ ရမှတ်(၁)မှတ်နဲ့ အုပ်စုက ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

စကော့တလန်အသင်းဟာ ယူရို-၁၉၉၆ ပြိုင်ပွဲနောက်ပိုင်း ယူရိုပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးသလို အဓိကပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *