ဆလိုဗေးနီးယားနဲ့ ပွဲမတိုင်ခင် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ လုပ်ခ်ရှောပါဝင်လာ

0

မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် ဖေဖော်ဝါရီကတည်းက ပွဲကစားနိုင်ခြင်းမရှိခဲ့တဲ့ လုပ်ခ်ရှောဟာ သူ့ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းဖော်တွေနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်နိုင်ခဲ့တာပါ။

လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲစလုံးကို မပါဝင်နိုင်ခဲ့သလို အသင်းဖော်တွေနဲ့ အဝေးမှာသာ ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် လုပ်ဆောင်နေတာကြောင့် ဆလိုဗေးနီးယားအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပါဝင်နိုင်မယ့်အခြေအနေအပေါ် စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။ လုပ်ခ်ရှောဟာ ဂျာမနီနိုင်ငံကို ရောက်ရှိကတည်းက တစ်ဦးတည်းလေ့ကျင့်ခဲ့ပေမယ့် အခုအချိန်မှာ သူအပါအဝင်ကစားသမား(၂၆)ဦးစလုံးဟာ အတူတကွလေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြတာပါ။

လုပ်ခ်ရှောဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာပါဝင်တဲ့ တစ်ဦးတည်းသော ဘယ်နောက်ခံလူဖြစ်ပြီး သူမပါဝင်ခဲ့တဲ့ ပြီးခဲ့တဲ့(၂)ပွဲစလုံးမှာ ညာနောက်ခံလူ ထရစ်ပီယာက ဘယ်နောက်ခံလူအဖြစ် ကစားသွားခဲ့ရပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ နည်းပြ ဆောက်ဂိတ်ဟာ လုပ်ခ်ရှောရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်ခဲ့ပြီး လုပ်ခ်ရှောကလည်း အကောင်းဆုံးလုပ်နိုင်ခဲ့တာပါ။

လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပေမယ့် ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာတော့ အရန်ကစားသမားအဖြစ်သာ ပါဝင်ရနိုင်ဖွယ်ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့ရင် အုပ်စု(C)မှာ ထိပ်ဆုံးနေရာနဲ့ Round of 16 ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *