တန်ဟတ်ရဲ့လက်ထောက်နည်းပြအဖြစ် မန်ယူနိုက်တက်ထံ နစ္စတယ်ရွိုင်း ပြန်လာဖို့ နီးစပ်

0

မန်ယူနိုက်တက်အသင်းဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ရဲ့လက်ထောက်နည်းပြအဖြစ် အသင်းဟောင်းထံ ပြန်လာဖို့ နီးစပ်နေပြီလို့ နယ်သာလန်မီဒီယာတွေက ဖော်ပြထားပါတယ်။

နစ္စတယ်ရွိုင်းဟာ အဲရစ်တန်ဟတ်ရဲ့လက်ထောက်နည်းပြအဖြစ် အိုးထရက်ဖိုဒ့်ထံ ပြန်လာဖို့ မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ကိုယ်ပိုင်ကစားဟန်ကို အကောင်အထည်ဖော်ချင်တဲ့အတွက် မန်ယူနိုက်တက်အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေကို အပြောင်းအလဲပြုလုပ်ချင်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းမှာ သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ဖို့ နစ္စတယ်ရွိုင်းကို ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ နစ္စတယ်ရွိုင်းဟာ မန်ယူနိုက်တက်အသင်းမှာ (၄)ရာသီကြာကစားခဲ့ပြီး (၁၅၀)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊FA ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ နယ်သာလန်အသင်းမှာ လက်ထောက်နည်းပြအဖြစ်(၂)ကြိမ်ဆောင်ရွက်ခဲ့သလို PSV အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ချိန်မှာ ဒတ်ချ်ဖလားနဲ့ ဒတ်ချ်စူပါဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ နစ္စတယ်ရွိုင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာသွားတဲ့ နည်းပြ ကွန်ပနီနေရာအစားထိုးဝင်ရောက်ဖို့ ဘန်လေအသင်းနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နစ္စတယ်ရွိုင်းရဲ့မန်ယူနိုတက်အသင်းထံ ပြန်လာဖို့ ဆွေးနွေးမှုတွေဟာ ကောင်းမွန်နေပြီလို့ နယ်သာလန်သတင်းစာ Algemeen Dagblad က ဖော်ပြထားတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘင်နီမက္ကာသီရဲ့စာချုပ်ဟာ ဇူလိုင်မှာကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်နည်းပြအဖွဲ့ဝင်အချို့လည်း ကလပ်ကနေ ထွက်ခွာသွားနိုင်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *