မိမိ ဘယ်လောက်ကြာကြာ ဆက်ပြီးကစားနိုင်မလဲဆိုတာ မသိသေးဘူးလို့ လူကာမိုဒရစ် ဝန်ခံ

0

မနေ့က ခရိုအေးရှား(၁-၁)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်က သူဘယ်လောက်ကြာကြာဆက်ပြီး ကစားနိုင်မလဲဆိုတာ မသိဘူးလို့ ဝန်ခံခဲ့ပါတယ်။

လူကာမိုဒရစ်အတွက် နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်လာနိုင်တဲ့ ဒီပြိုင်ပွဲမှာ ခရိုအေးရှားအသင်းဟာ ဒီရလဒ်ကြောင့် အုပ်စုကနေလှည့်ပြန်ရဖို့ သေချာသလောက်ရှိနေတာပါ။

လာမယ့်စက်တင်ဘာမှာ အသက်(၃၉)နှစ်ပြည့်တော့မယ့် လူကာမိုဒရစ်ဟာ ဒီပွဲစဉ်မှာ သွင်းယူတဲ့ဂိုးကြောင့် ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ မိုဒရစ်ဟာ ဒီပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့လို့ အကောင်း‌ဆုံးကစားသမားဆု(MOTM)ရရှိခဲ့ပေမယ့် ခရိုအေးရှားအသင်းရဲ့ရလဒ်ကြောင့် ဆုလက်ခံရယူချိန်မှာ စိတ်ပျက်နေခဲ့တာပါ။

လူကာမိုဒရစ်က “ကျွန်‌တော်တို့ အဆုံးထိတိုက်ပွဲဝင်ခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။ ကျွန်တော်ဟာ အမြဲတမ်းကစားချင်ပေမယ့် အနားယူမယ့်အချိန် ရှိလာပါလိမ့်မယ်။ ကျွန်တော်ဆက်ကစားဦးမှာဖြစ်ပေမယ့် ဘယ်လောက်ကြာကြာကစားနိုင်မလဲ မသိဘူး”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

မိုဒရစ်ဟာ နောက်ဆုံးကမ္ဘာ့ဖလား(၂)ကြိမ်မှာ ခရိုအေးရှားအသင်းကို ဒုတိယနဲ့တတိယရရှိအောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ယူရိုပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *