ဒေါသထွက်နေတဲ့ အင်္ဂလန်ပရိသတ်တွေ ဆောက်ဂိတ်ကို ပလတ်စတစ်ခွက်တွေနဲ့ ပစ်ပေါက်

0

မနေ့က အင်္ဂလန်(၀-၀)ဆလိုဗေးနီးယား ယူရို-၂၀၂၄ ပြိုင်ပွဲ​အုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကို ဒေါသထွက်နေတဲ့ အင်္ဂလန်အသင်းပရိသတ်တွေက ပလတ်စတစ်ခွက်တွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်းထိပ်ဆုံးနေရာရပ်တည်ကာ Round of 16 ကို တက်ရောက်နိုင်ခဲ့ပေမယ့် ပရိသတ်တွေဟာ အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်ပြီး ပွဲချိန်အတွင်းရော ပွဲအပြီးမှာပါ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ပရိသတ်တွေရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ပွဲအပြီး ပရိသတ်တွေအရှေ့သွားရောက်လက်ခုပ်တီးခဲ့ရာမှာ ပရိသတ်အချို့က သူ့ကို ပလတ်စတစ်ခွက်တွေနဲ့ ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆောက်ဂိတ်က ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ သူ့အပေါ်ပြုမူတဲ့လုပ်ရပ်ကို နားလည်ကြောင်းပြောကြားခဲ့ပြီး၊ ပရိသတ်တွေအနေနဲ့ အသင်းနဲ့အတူ ဆက်ပြီးရှိနေပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။

ဆောက်ဂိတ်က “ပရိသတ်တွေအသင်းနဲ့အတူ ရှိနေပေးဖို့ အရေးကြီးပါတယ်။ ပရိသတ်အချို့ရဲ့တုံ့ပြန်မှုတွေက ပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနေကြပါတယ်။ ပရိသတ်တွေဟာ ကျွန်တော့်အပေါ်ခံစားချက်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် သူတို့သာ အတူတူရှိနေရင် ကျွန်တော်တို့ အောင်မြင်မှုရယူနိုင်မှာပါ”လို့ ဆိုခဲ့ပါတယ်။

ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့စာချုပ်ဟာ ဒီဇင်ဘာမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ Round of 16 မှာ အုပ်စုတွင်းအကောင်းဆုံးတတိယရရှိတဲ့ အသင်း(၄)သင်းထဲက (၁)သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *