လောတာရိုမာတီနက်ဇ် ဂိုးသွင်းအပြီးမှာ ချီလီအသင်းပရိသတ်တွေ ရှေ့အီမီမာတီနက်ဇ် အောင်ပွဲခံ

0

ချီလီ(ဝ-၁)အာဂျင်တီးနား ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က အနိုင်ဂိုးသွင်းယူအပြီးမှာ ဂိုးသမား အီမီမာတီနက်ဇ်ဟာ ချီလီအသင်းပရိသတ်တွေရှေ့မှာ အောင်ပွဲခံမှုပြုလုပ်သွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ဒီပွဲစဉ်မှာ ချီလီအသင်းကို တစ်ပွဲလုံးဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှုအများအပြားပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲချိန်(၈၈)မိနစ်မှ လူစားဝင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လော်တာရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ကနေဒါအသင်းနဲ့ပွဲစဉ်မှာလည်း အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့သူပါ။ လော်တာရိုမာတီနက်ဇ်ဂိုးသွင်းအပြီးမှာ အာဂျင်တီးနားအသင်းဖော်တွေ အောင်ပွဲခံနေချိန် အီမီမာတီနက်ဇ်ကလည်း ချီလီအသင်းပရိသတ်တွေရှေ့မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ချီလီအသင်းပရိသတ်တွေဟာ လက်ခလယ်ထောင်ပြီး အီမီမာတီနက်ဇ်ကို ပြန်ပြီးတုံ့ပြန်ခဲ့ကြတာတွေ့ရပါတယ်။ အီမီမာတီနက်ဇ်ဟာ အရင်ကလည်း ပြိုင်ဘက်အသင်းပရိသတ်တွေ၊ကစားသမားတွေကို လှောင်ပြောင်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ အီမီမာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရပြီးနောက် ရွှေလက်အိတ်ဆုရယူရာမှာ ညစ်ညမ်းတဲ့အမူအရာပြုလုပ်ခဲ့သလို ပြင်သစ်အသင်းတိုက်စစ်မှူး ဘာပေကို လှောင်ပြောင်မှုတွေလည်း ပြုလုပ်ခဲ့တာပါ။

အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် ဒီပြိုင်ပွဲမှာ အကောင်းဆုံးလက်စွမ်းပြသနေပါတယ်။ အာဂျင်တီးနားအသင်းဟာ ဇွန်(၂၉)ရက်မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ပီရူးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *