ဂျော်ဂျီယာနဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် စီရော်နယ်ဒို ဒေါသပေါက်ကွဲ

0

မနေ့က ဂျော်ဂျီယာ(၂-၀)ပေါ်တူဂီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ သူ့ကို ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ လူစားလဲမှုပြုလုပ်ခဲ့တာကြောင့် ဒေါသထွက်ပြီး မြက်ခင်းပြင်ကို ကန်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ဒီပွဲစဉ်မှာ အရေးနိမ့်ခဲ့ပေမယ့် အုပ်စုတွင်းထိပ်ဆုံးနေရာရပ်တည်ကာ Round of 16 ကို တက်ရောက်နိုင်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အခုချိန်ထိ သွင်းဂိုး(၁)ဂိုးမှ ရယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၆)မိနစ်မှာ ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်ဟာ စီရော်နယ်ဒိုကို တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်နဲ့ လူစားလဲခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုဟာ လူစားလဲခံခဲ့ရတာကြောင့် ဒေါသထွက်ပြီး မြက်ခင်းပြင်ကိုကန်ကာ အရန်ခုံတန်းပေါ်သွားရောက်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့အုပ်စုပွဲစဉ်(၃)ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် သွင်းဂိုးမရယူနိုင်ခဲ့သေးတာက သူ့အတွက် ပိုပြီးစိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ စီရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၈)မိနစ်မှာ သူ့ရဲ့အင်္ကျီကို ဆွဲခဲ့တာကြောင့် ပယ်နယ်တီမရရှိခဲ့တဲ့အပေါ် ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့အတွက် အဝါကတ်ပြသခံခဲ့ရပြီး နောက်ထပ်အငြင်းအခုံတွေကြောင့် (၂)ဝါ၊(၁)နီနဲ့ မထုတ်ပယ်ခံခဲ့ရတာ ကံကောင်းခဲ့တာပါ။ စီရော်နယ်ဒိုအနေနဲ့ ယှဉ်ပြိုင်တဲ့ ယူရိုပြိုင်ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းကို ဆက်ပြီးထိန်းဖို့ဆိုရင် လာမယ့်ပွဲတွေမှာ ဂိုးသွင်းနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ Round of 16 ပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနဲ့ ဇူလိုင်(၁)ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *