ရှုံးထွက်အဆင့်တက်ခဲ့တဲ့ ဂျော်ဂျီယာအသင်းကို ဝန်ကြီးချုပ်ဟောင်းက ဆုကြေးပေါင်(၈.၄)သန်း ချီးမြှင့်

0

ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို (ဝ-၂)ဂိုးနဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်တက်နိုင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းကို နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း ဘီလျံနာဘစ်ဇီနာက ဆုကြေးပေါင်(၈.၄)သန်းပေးအပ်ခဲ့တယ်လို့ Georgian Times က ဖော်ပြထားပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲကို ပထမဆုံးအဓိကပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းဟာ အုပ်စုတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး အကောင်းဆုံးအုပ်စုတတိယနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကြောင့် အခုလိုဆုကြေးနဲ့ ဂုဏ်ပြုခံခဲ့ရတာပါ။

Georgian Times က ဝန်ကြီးချုပ်ဟောင်း ဘစ်ဇီနာဟာ ဂျော်ဂျီယာအသင်းကို ဆုကြေးပေါင်(၈.၄)သန်းပေးဖို့ ကတိပြုခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် Round of 16 ပွဲစဉ်အတွက်လည်း ဂျော်ဂျီယာအသင်းဟာ ပိုပြီးကြီးမားတဲ့ မက်လုံးတွေရှိလာနိုင်တာပါ။

ဘစ်ဇီနာဟာ နိုင်ငံအသင်းရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူကြောင်းပြောခဲ့ပြီး စပိန်အသင်းကိုပါ ထပ်ပြီးအနိုင်ရမယ်ဆိုရင် ဂျော်ဂျီယာအသင်းကို နောက်ထပ်ပေါင်(၈.၄)သန်းပေးမယ်လို့ သိရပါတယ်။

ဂျော်ဂျီယာအသင်းဟာ အုပ်စုကနေနောက်တစ်ဆင့်တက်နိုင်တဲ့အတွက် ရရှိမယ့်ဆုကြေးငွေကို ဘစ်ဇီနာရဲ့ပရဟိတဖောင်ဒေးရှင်းကနေ ရရှိမှာပါ။ ၂၀၁၂ ကနေ ၂၀၁၃ အထိ ဂျော်ဂျီယာဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘစ်ဇီနာဟာ ပေါင်(၃.၈၇)ဘီလီယံကြွယ်ဝချမ်းသာတယ်လို့ Forbes က ဖော်ပြထားပါတယ်။ ဂျော်ဂျီယာအသင်းနဲ့ Round of 16 မှာယှဉ်ပြိုင်ရမယ့် စပိန်အသင်းဟာ အုပ်စုတွင်း(၃)ပွဲစလုံးကို ပေးဂိုးမရှိအနိုင်ယူခဲ့တာပါ။

အဲ့ဒါကြောင့် ဂျော်ဂျီယာအသင်းအနေနဲ့ စပိန်အသင်းကို ကျော်ဖြတ်ပြီး ဝန်ကြီးချုပ်ဟောင်းပေးမယ့် နောက်ထပ်ဆုကြေးငွေတွေကို ထပ်ပြီးရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *