လက်တွဲဖော်မီးဖွားရာ အင်္ဂလန်ကို ပြန်ခဲ့တဲ့ ဖိုဒန် အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်း

0

မန်စီးတီးအသင်းကွင်းလယ်လူ ဖိုဒန်ဟာ သူ့ရဲ့တတိယမြောက်ကလေးမွေးဖွားဖို့ကိစ္စတွေအတွက် အင်္ဂလန်ကို ပြန်သွားခဲ့ပြီးနောက် ကြာသပတေးနေ့က ဂျာမနီကို ပြန်လည်ရောက်ရှိကာ အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

ဖိုဒန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ်(၃)ပွဲစလုံးမှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့သူပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ဖိုဒန်ဟာ မိသားစုအရေးကိစ္စကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ ယာယီထွက်ခွာတယ်လို့ ထုတ်ပြန်ထားတာကြောင့် ဆလိုဗက်ကီးယားအသင်းနဲ့ Round of 16 ပွဲစဉ်ကို လွဲချော်မယ့်အပေါ် စိုးရိမ်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဖိုဒန်ဟာ လက်တွဲဖော်ဖြစ်သူက သူ့ရဲ့တတိယမြောက်ကလေးမွေးဖွားအပြီးမှာ ဂျာမနီနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဖိုဒန်ဟာ သောကြာနေ့မှာ ပြုလုပ်မယ့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

ဖိုဒန်ဟာ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်(၃)ပွဲစလုံးမှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိပေမယ့် နည်းပြ ဆောက်ဂိတ်ဟာ သူ့ကို ဆလိုဗက်ကီးယားအသင်းနဲ့ Round of 16 ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ရှိနေတာပါ။ အသက်(၂၄)နှစ်အရွယ်ရှိ ဖိုဒန်ဟာ အင်္ဂလန်အသင်းအတွက် (၃၇)ပွဲကစားထားပြီး (၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဖိုဒန်နဲ့ သူ့ရဲ့လက်တွဲဖော် ရီဘက်ကာတို့ဟာ တတိယမြောက်ရင်သွေးလေးမတိုင်ခင် (၅)နှစ်အရွယ်ရှိ သားငယ်ရွန်းနီ၊(၂)နှစ်အရွယ်ရှိ သမီးငယ်ထရူတို့ကို ပိုင်ဆိုင်ထားတာပါ။ ဖိုဒန်ရဲ့သားအကြီး ရွန်းနီဟာ ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အများကြီးရရှိထားတဲ့ သူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *