ဆိုရှယ်မီဒီယာမှာ အမေရိကန်ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုကို အမေရိကန် FA ရှုတ်ချ

0

ဒီမနက်က ကစားခဲ့တဲ့ ပနားမား(၂-၁)အမေရိကန် ကိုပါအမေရိကဖလားအုပ်စုဒုတိယပွဲစဉ်အပြီးမှာ အမေရိကန်တိုက်စစ်မှူး တီမိုသီဝီယာနဲ့ အသင်းဖော်တွေ ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဒီလုပ်ရပ်တွေကို ရှုတ်ချတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တီမိုသီဝီယာဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၁၈)မိနစ်မှာ ပနားမားကစားသမားတစ်ဦးကို ထိုးခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ပနားမားအသင်းဘက်က ပွဲချိန်(၈၈)မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ မထုတ်ပယ်ခံရခင်အချိန်အထိ အမေရိကန်အသင်းဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး သရေကျအောင်ထိန်းထားခဲ့ပေမယ့် ပွဲချိန်(၈၃)မိနစ်မှာ ပေးခဲ့ရတဲ့သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်တစ်ဆင့်တက်ဖို့ ခက်ခဲသွားခဲ့ပါတယ်။ ပွဲအပြီးမှာ အမေရိကန်ကစားသမားတွေကိုဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားခံရတဲ့ မှတ်ချက်တွေ ရှိခဲ့ပါတယ်။

အဲ့ဒါကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဒီလိုလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိဘဲ အလွန်စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ကစားသမားတွေလူမျိုးရေးခွဲခြားခံခဲ့ရတဲ့အဖြစ်အပျက်အတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။ တီမိုသီဝီယာဟာ သူ့ရဲ့စိတ်ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တဲ့ ဖြစ်ရပ်အတွက် တောင်းပန်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အသင်းအနေနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်ကို တက်ရောက်ချင်တယ်ဆိုရင်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဥရုဂွေးအသင်းကို မဖြစ်မနေအနိုင်ရယူရတော့မှာပါ။ ဥရုဂွေးအသင်းကတော့ အုပ်စုတွင်း(၂)ပွဲကစားအပြီးမှာ (၂)ပွဲစလုံးအနိုင်ရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *