ယူရို-၂၀၂၄ ပြိုင်ပွဲကို ပါဝင်ရင်း ကျောင်းစာမေးပွဲကို လာမင်းယာမားလ် အောင်မြင်စွာ ဖြေဆို

0

အသက်(၁၆)နှစ်အရွယ်ရှိ ဘာစီလိုနာအသင်းကြယ်ပွင့် လာမင်းယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားရင်း ကျောင်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပါတယ်။

လာမင်းယာမားလ်ဟာ ဒီအပတ်ထဲမှာ သူ့ရဲ့စတုတ္ထမြောက် ESO စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး ဒါဟာ စပိန်မှာ အထက်တန်းကျောင်းနဲ့ ညီမျှတဲ့ ပညာရေးမှတ်တိုင်ဖြစ်တယ်လို့ Cadena Cope က
ဖော်ပြထားတာပါ။

လာမင်းယာမားလ်ဟာ ကျောင်းစာမေးပွဲကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပေမယ့် သူ့ရဲ့နောက်ထပ်ပညာရေးအဆင့်တွေကိုတော့ ဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။ လာမင်းယာမားလ်ဟာ စပိန်အထက်တန်းကျောင်းပညာရေးရဲ့နောက်ဆုံး(၂)နှစ်ဖြစ်တဲ့ Bachillerato မှာပညာဆက်ပြီးသင်ကြားဖို့ ဒါမှမဟုတ် သူ့ရဲ့ဘောလုံးကစားသမားဘဝကို အပြည့်အဝအာရုံစိုက်သွားမလားဆိုတဲ့ ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကျောင်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့တဲ့ လာမင်းယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနေပြီး ခရိုအေးရှားအသင်းကို အနိုင်ရခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ပါဝင်ပြီးနောက် ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ လာမင်းယာမားလ်ဟာ အီတလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့တဲ့အထိ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသထားတာပါ။ လာမင်းယာမားလ်ဟာ ကျောင်းစာမေးပွဲအောင်မြင်သွားပြီးနောက် စပိန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲကို အပြည့်အဝအာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

အုပ်စုပွဲစဉ်(၃)ပွဲစလုံးကို ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့တဲ့ စပိန်အသင်းဟာ တနင်္ဂနွေနေ့မှာ ဂျော်ဂျီယာအသင်းနဲ့ Round of 16 ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *