အာဂျင်တီးနားကစားသမားတွေ ကွင်းအတွင်း ပြန်ဝင်ဖို့နှောင့်နှေးခဲ့လို့ နည်းပြစကာလိုနီ(၁)ပွဲပယ်ခံရ

0

အာဂျင်တီးနားအသင်းက ချီလီအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ အာဂျင်တီးနားအသင်းကစားသမားတွေဟာ ကွင်းအတွင်းပြန်လည်ဝင်ရောက်ဖို့ နှောင့်နှေးကြန့်ကြာခဲ့တာကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(Conmebol)က နည်းပြစကာလိုနီကို(၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် စကာလိုနီဟာ ပီရူးအသင်းနဲ့ ကစားမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို ကွင်းအတွင်းကြီးကြပ်ခွင့်ရရှိတော့မှာမဟုတ်ပါဘူး။

စကာလိုနီဟာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် စိတ်ပျက်နေတယ်လို့ အာဂျင်တီးနားအသင်းလက်‌ထောက်နည်းပြ ဆင်မြူရယ်က မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်ပြောခဲ့ပါတယ်။ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ စကာလိုနီကို (၁)ပွဲပယ်အပြင် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို ဒေါ်လာ(၁၅,၀၀၀)ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ကနေဒါအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာလည်း ကွင်းအတွင်းကို နောက်ကျပြီးမှရောက်လာခဲ့တာကြောင့် ပွဲကိုနှောင့်နှေးမှုနဲ့ သတိပေးခံခဲ့ရပါတယ်။ အာဂျင်တီးနားအသင်းဟာ ချီလီအသင်းနဲ့ပွဲစဉ်မှာပါ ဒီလိုမျိုးအလားတူထပ်ပြီးပြုလုပ်ခဲ့တာကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူခြင်းကို ခံခဲ့ရတာပါ။

ပီရူးအသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် မက်ဆီလည်း ဒဏ်ရာကြောင့် မပါဝင်နိုင်ဘူးလို့ အာဂျင်တီးနားအသင်းကအတည်ပြုထားပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားအုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲစလုံးအနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *