ဂျာမနီ-ဒိန်းမတ်ပွဲစဉ်က VAR ဆုံးဖြတ်ချက်တွေကို ဘောလုံးသုံးသပ်သူတွေ ဝေဖန်

0

မနေ့က ဂျာမနီ(၂-ဝ)ဒိန်းမတ် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်က VAR ရဲ့ဆုံးဖြတ်ချက်တွေကို ဘောလုံးပွဲသုံးသပ်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာ ဒိန်းမတ်အသင်းနောက်ခံလူ အန်ဒါဆန်ဟာ VAR အိပ်မက်ဆိုးကို(၂)ကြိမ်ခံစားခဲ့ရပြီး ပရိသတ်တွေက ဒိန်းမတ်အသင်းဟာ လုယက်ခံခဲ့ရတယ်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားခဲ့ကြပါတယ်။

ဂျာမနီအသင်းအတွက် ကိုင်ဟာဗက်ဇ် ပယ်နယ်တီမသွင်းယူခင်မှာ အန်ဒါဆန်ရဲ့သွင်းဂိုးကို လူကျွံဘောဆိုပြီး ပယ်ဖျက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ ဝေဖန်မှုအများအပြားကို ခံခဲ့ရပါတယ်။

မိနစ်အနည်းငယ်အကြာမှာ အန်ဒါဆန်ရဲ့လက်ထိဘောကြောင့် ဒိန်းမတ်အသင်းဟာ ဂျာမနီအသင်းကို ပယ်နယ်တီခွင့်ပြုခဲ့ရတာပါ။ ပွဲအပြီးမှာတော့ ဘောလုံးပွဲသုံးသပ်သူတွေက VAR ရဲ့ဆုံးဖြတ်ချက်တွေကို ဝေဖန်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက “မိုက်ကယ်အိုလီဗာဟာ ဒီဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ပါဘူး။ သူဟာ ဒီဖြစ်ရပ်ကိုမြင်ပြီးနောက် ပယ်နယ်တီပေးဖို့မလိုအပ်ဘူးလို့ယူဆခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် ပြဿနာပါပဲ။ ဒီလိုဆုံးဖြတ်ချက်တွေအတွက် ကျွန်တော်တို့ နည်းပညာကို ဝယ်ခဲ့တာလို့မထင်ပါဘူး။ ဒီဆုံးဖြတ်ချက်က ကျွန်တော့်အတွက်အလွန်လွယ်ကူပါတယ်”လို့ ITV ကို ပြောခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ အီယန်ရိုက်နဲ့ အလန်ရှီးယားတို့က လက်ထိဘောဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြပါတယ်။ အာဆင်နယ်ကစားသမားဟောင်း ဝဲလ်ကော့က VAR ကို ဖျက်သိမ်းဖို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဒိန်းမတ်အသင်းနည်းပြကလည်း ပွဲအပြီးအင်တာဗျူးမှာ VAR ရဲ့ဆုံးဖြတ်ချက်တွေကို ဝေဖန်ခဲ့ပြီး VAR နည်းပညာကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။

ဒိန်းမတ်အသင်းကို အနိုင်ရခဲ့တဲ့ အိမ်ရှင်ဂျာမနီအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်နဲ့ ​ဂျော်ဂျီယာအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *