ဂျော်ဂျီယာနဲ့ပွဲမှာ လာမင်းယာမားလ်ကို ည(၁၁)နာရီ မတိုင်ခင် လူစားမလဲဘူးလို့ စပိန်နည်းပြ အတည်ပြု

0

ဒီနေ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် စပိန်-ဂျော်ဂျီယာပွဲမှာ တောင်ပံကစားသမား လာမင်းယာမားလ်ကို ည(၁၁)နာရီမတိုင်ခင် လူစားလဲသွားမှာမဟုတ်ဘူးလို့ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက အတည်ပြုခဲ့ပါတယ်။

ဂျာမနီနိုင်ငံရဲ့အလုပ်သမားစည်းမျဉ်းတွေအရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်/လူငယ်တွေကို ည(၁၁း၀၀)နာရီနောက်ပိုင်းမှာ အလုပ်လုပ်ခိုင်းခွင့်မရှိတာကြောင့် အသက်(၁၇)နှစ်တောင် မပြည့်သေးတဲ့ လာမင်းယာမားလ်ကို ဒီပွဲမှာ အချိန်ပိုကစားရရင် ထည့်သုံးစွဲခွင့်မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒီပွဲက ဒေသစံတော်ချိန်ည(၉း၀၀)နာရီမှာ စတင်မှာဖြစ်ပြီး ပုံမှန်ပွဲချိန်အတွင်း သရေကျလို့ အချိန်ပိုကစားရရင် ည(၁၁း၀၀)နာရီကျော်သွားမှာဖြစ်ပါတယ်။

အသက်(၁၆)နှစ်(၁၁)လအရွယ်ရှိ လာမင်းယာမားလ်ကို ည(၁၁း၀၀)နာရီကျော်အထိအသုံးပြုရင် စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်အလုပ်သမားဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး ဒဏ်ကြေးယူရို(၃၀,၀၀၀)ပေးရမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ ဒါကြောင့် စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက လာမင်းယာမားလ်ကို စောစီးစွာလူစားလဲမှာမဟုတ်ဘူးလို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒယ်လာဖွန်တေက “ကျွန်တော်တို့နေ့တိုင်း သူနဲ့ စကားပြောဖြစ်ပါတယ်။ သူဟာ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ရင့်ကျက်မှုကို ပြသနေပါတယ်။ ည(၁၁း၀၀)နာရီမတိုင်ခင်မှာ ပွဲထဲက သူ့ကိုဖယ်ရှားရမယ်ဆိုတဲ့ ဂျာမနီဥပဒေကို ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

လာမင်းယာမားလ်ဟာ စပိန်အသင်းအတွက် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ်(၃)ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *