အင်္ဂလန်-ဆလိုဗက်ကီးယား ပွဲအပြီးမှာ ဒက်ကလန်ရိုက်စ်နဲ့ ပြိုင်ဘက်နည်းပြ အချင်းများ

0

မနေ့က ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယားပွဲအပြီးမှာ အင်္ဂလန်အသင်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နဲ့ ဆလိုဗက်ကီးယားအသင်းနည်းပြ ကယ်လ်ဇိုနာတို့ အချင်းများခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာ ဒက်ကလန်ရိုက်စ်ဟာ ကွင်းလယ်ဒိုင်လူကြီးကို စကားပြောဆိုဖို့ ရောက်ရှိလာတဲ့ ဆလိုဗက်ကီးယားအသင်းနည်းပြကယ်လ်ဇိုနာကို တစ်ခုခုလှမ်းပြောခဲ့တာကြောင့် ကယ်လ်ဇိုနာဟာ ဒက်ကလန်ရိုက်စ်ရဲ့ရင်ဘတ်ကို တွန်းထုတ်ခဲ့တာပါ။

ဒီအချိန်မှာ ဒက်ကလန်ရိုက်စ်ဟာ ကယ်လ်ဇိုနာကို အော်ဟစ်ပြီးပြောနေခဲ့တာကြောင့် ဆလိုဗက်ကီးယားနည်းပြအဖွဲ့ဝင်တွေပါ ပါဝင်လာတဲ့အတွက် အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ တိုနေးနဲ့ ကွန်ဆာတို့က ဒီအဖြစ်အပျက်ကို ဝင်ထိန်းခဲ့ရပါတယ်။

နှုတ်ခမ်းဖတ်ကျွမ်းကျင်သူ ဖရီးမန်းက ဒက်ကလန်ရိုက်စ်ဟာ ကယ်လ်ဇိုနာကို “ပါးစပ်ပိတ်ထားပါ၊ ထိပ်ပြောင် C **** “ဆိုပြီး ရိုင်းပျတဲ့ပြောဆိုမှုပြုလုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကယ်လ်ဇိုနာက “ရိုက်စ်က ဒိုင်လူကြီးတွေဆီ လာနှုတ်ဆက်တာပါ။ ကျွန်တော်က ဒိုင်လူကြီးတွေနဲ့ စကားပြောနေချိန်မှာ သူကဆက်ရှိနေပြီး စကားဆက်ပြောနေခဲ့ပါတယ်။ ဖြစ်ခဲ့တာတွေအတွက် သူကတောင်းပန်ခဲ့ပြီး အားလုံးက အဲဒီမှာပဲ ပြီးသွားခဲ့ပါတယ်”လို့ ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ကယ်လ်ဇိုနာက ဒီပွဲရဲ့အချိန်ပိုမှာ အင်္ဂလန်အသင်းဂိုးသမား ပစ်ဖိုဒ့်အချိန်ဆွဲပြီး ကစားခဲ့တဲ့အပေါ် အရေးမယူခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို စိတ်ပျက်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီပွဲရဲ့အချိန်ပိုမှာအနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *