ဒန်အက်ရှ်ဝေါ့ကို အားကစားဒါရိုက်တာအသစ်အဖြစ် ခန့်အပ်ဖို့ မန်ယူနိုက်တက် သဘောတူညီမှုရရှိ

0

မန်ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ လျော်ကြေးငွေဆွေးနွေးအပြီးမှာ ဒန်အက်ရှ်ဝေါ့ကို အားကစားဒါရိုက်တာအသစ်အဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဒန်အက်ရှ်ဝေါ့ဟာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ပြောခဲ့တာကြောင့် နယူးကာဆယ်အသင်းဟာ သူ့ကို ပြီးခဲ့တဲ့(၄)လကတည်းက ရာထူးကနေ အနားပေးထားတာပါ။

ဒန်အက်ရှ်ဝေါ့ဟာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပေမယ့် ကလပ်အသင်း(၂)သင်းကြားမှာ သဘောတူညီမှုမရရှိခဲ့လို့ ဒီသဘောတူညီမှုကို ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သဘောတူညီမှုရရှိသွားပြီဖြစ်လို့ ဒန်အက်ရှ်ဝေါ့ဟာ ဒီနွေရာသီမှာ မန်ယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာအသစ်အဖြစ်စတင်တာဝန်ထမ်းဆောင်တော့မှာပါ။

ဒန်အက်ရှ်ဝေါ့ဟာ နယူးကာဆယ်အသင်းမှာ အားကစားဒါရိုက်တာအဖြစ် တာဝန်မထမ်းဆောင်ခင် ဝက်စ်ဘရွန်း၊အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)နဲ့ ဘရိုက်တန်အသင်းတို့မှာလည်း အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒန်အက်ရှ်ဝေါ့ဟာ INEOS နဲ့ ကာလရှည်ကြာဆက်ဆံရေးရှိတဲ့အတွက် ဆာဂျင်ရက်ကလစ်ဖ်က မန်ယူနိုက်တက်အသင်းရဲ့အစုရှယ်ယာအနည်းစုကို ဝယ်ယူပြီး ကလပ်ရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာအပြီးမှာ ဒန်အက်ရှ်ဝေါ့ကို ကလပ်အသင်းထံ ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာပါ။

ဆာဂျင်ရက်ကလစ်ဖ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာအပြီးမှာ ကလပ်ကို ကြီးကြီးမားမားပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေပြီး ဒန်အက်ရှ်ဝေါ့မတိုင်ခင် မန်စီးတီးအသင်းရဲ့အကြီးတန်းအမှုဆောင်ဟောင်း ဘာရာဒါကို အမှုဆောင်အရာရှိချုပ်အဖြစ်ခန့်အပ်ခဲ့သလို ဆောက်သမ်တန်အသင်းက ဝီလ်ကော့စ်ကို နည်းစနစ်ဒါရိုက်တာအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *