ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်အနားမှာ ဘာပေ ပြေးလွှားအောင်ပွဲခံ

0

ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံပွဲမှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ဒီပွဲရဲ့အဆုံးဖြတ်ဖြစ်စေမယ့်ဂိုးကို Own Goal သွင်းယူမိခဲ့တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်ရဲ့အနားမှာ ​ပြေးလွှားပြီးအောင်ပွဲခံခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်မိနစ်(၉၀)ပြည့်ဖို့ (၅)မိနစ်အလိုမှာ ပြင်သစ်တိုက်စစ်မှူး မူအာနီရဲ့ကန်ချက်ဟာ ဗာတွန်ဂန်နဲ့ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဝင်အပြီးမှာ ဘာပေဟာ အသင်းဖော်တွေနဲ့အတူ သွားရောက်အောင်ပွဲမခံခင် ဗာတွန်ဂန်ရဲ့အနားကို သွားရောက်ပြီး တစ်ခုခုပြောပြီးမှ အောင်ပွဲခံခဲ့တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။

သူတို့(၂)ဦးဟာ ဒီဖြစ်ရပ်မတိုင်ခင်မှာ အချင်းများခဲ့ကြပြီး ဂိုးဝင်အပြီးမှာ ဘာပေက ချက်ချင်းတုံ့ပြန်ခဲ့တာပါ။ ဘာပေဟာ ဂိုးဧရိယာအတွင်း ဒိုင်ဗင်ထိုးတယ်လို့ ဗာတွန်ဂန်က စွပ်စွဲခဲ့တာကြောင့် သူတို့(၂)ဦးထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဂိုးမရှိသရေကျနေချိန်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဒီအခြေအနေကို ကွင်းလယ်ဒိုင်လူကြီးက ဝင်ရောက်ပြီး ထိန်းသိမ်းခဲ့ရတာပါ။ ဒီဖြစ်ရပ်အပြီး မိနစ်အနည်းငယ်အကြာမှာ ဗာတွန်ဂန်ဟာ ပြင်သစ်အသင်း ကွာတားဖိုင်နယ်တက်စေမယ့် ဂိုးကို Own Goal အဖြစ် သွင်းယူခဲ့ပြီး ဘာပေရဲ့ထိကပါးရိကပါးအောင်ပွဲခံခြင်းကိုပါ ခံခဲ့ရတာပါ။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာတွန်ဂန်အတွက် ဒီပွဲဟာ သူ့ရဲ့နောက်ဆုံးနိုင်ငံတကာပွဲဖြစ်နိုင်တယ်လို့ သတင်းတွေကဖော်ပြကြပါတယ်။

ပြင်သစ်အသင်းဟာ နိုင်ပွဲကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်မှာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာပေဟာ သူအားကျနှစ်သက်ရတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုနဲ့ ထပ်ပြီးရင်ဆိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *