မိမိရဲ့ကစားသမားဘ၀က (၁၀၀)% မပြီးဆုံးသေးဘဲ ဘောလုံးသမားအဖြစ်ရှိနေဆဲလို့ ပေါ့ဘာဆို

0

တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့ရလို့ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ကာလကြာရှည်စွာဆိုင်းငံ့ခြင်းခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာက သူဟာ လုံးဝမပြီးဆုံးသေးဘဲ (၁၀၀)ရာခိုင်နှုန်းဘောလုံးသမားအဖြစ် ရှိနေဆဲလို့ဆိုခဲ့ပါတယ်။

ဘောလုံးပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်နေတဲ့ ပေါ့ဘာဟာ ဘယ်လ်ဂျီယံအသင်းကို ပြင်သစ်အသင်းက (ဝ-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ Round of 16 ပွဲစဉ်ကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ဖိတ်ကြားမှုနဲ့ ကြည့်ရှုအားပေးခဲ့ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်က တားမြစ်ဆေးသုံးစွဲမှုရှိ၊မရှိစစ်ဆေးမှုခံယူခဲ့ရာမှာ သုံးစွဲကြောင်းတွေ့ရှိခဲ့ရသလို B Sample ကို ထပ်မံစစ်ဆေးရာမှာလည်း သုံးစွဲကြောင်းတွေ့ရှိခဲ့ရပါတယ်။

အဲ့ဒါကြောင့် ပေါ့ဘာဟာ ၂၀၂၇ အထိ ဘောလုံးနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခြင်းမပြုဖို့ ဆိုင်းငံ့တဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတာပါ။ ပေါ့ဘာဟာ ဒီပြစ်ဒဏ်ကို အားကစားခုံရုံး(CAS)ထံ အယူခံဝင်ထားပါတယ်။ ပေါ့ဘာက ဒီပိတ်ပင်မှုအတွက် ဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်သလို ဘောလုံးသမားအဖြစ်ရှိနေဆဲလို့ Sky Sport Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။

ပေါ့ဘာက “ကျွန်တော်ဟာ အနားယူမှာမဟုတ်သလို ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် တိုက်ပွဲဝင်ဖို့လည်း အဆင်သင့်ပါပဲ။ ကျွန်တော်အနားယူပြီ၊ကျွန်တော်ပြီးဆုံးသွားပြီဆိုပြီး ပြောတဲ့အရာတွေကို မကြည့်ပါနဲ့။ ကျွန်တော်ပုံမှန်လေ့ကျင့်နေပြီး ကွင်းထဲကို ပြန်လာဖို့ မစောင့်ဆိုင်းနိုင်ဘူး”လို့ ဆိုခဲ့ပါတယ်။

ပေါ့ဘာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး ပေါ့ဘာရဲ့အယူခံသာမအောင်မြင်ခဲ့ရင် ဂျူဗင်တပ်စ်အသင်းဟာ သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့​ သေချာနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *