ရိုမေးနီးယားနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂတ်ပိုကို ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ ချီးကျူး

0

မနေ့က ရိုမေးနီးယား(၀-၃)နယ်သာလန် Round of 16 ပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား ဂတ်ပိုကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ချီးကျူးခဲ့ပါတယ်။ဂတ်ပိုဟာ ဒီပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို မယ်လန်ရဲ့သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။

ဂတ်ပိုဟာ ဒီပွဲစဉ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အကောင်းဆုံးကစားသမားဆု(MOTM)ကို ရရှိခဲ့ပါတယ်။ ဂတ်ပိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် (၃)ဂိုးသွင်းယူထားပြီး ဒီပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ပူးတွဲဦးဆောင်နေတာပါ။ ပရိသတ်တွေဟာ ဒီပွဲစဉ်က ဂတ်ပိုရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကြသလို လီဗာပူးလ်အသင်းအနေနဲ့ သူ့ဆီကနေ အကောင်းဆုံးတွေရဖို့ နယ်သာလန်အသင်းမှာ ကစားတဲ့နေရာအတိုင်း ကစားခိုင်းဖို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတာရစ်ခ်ျက “ဂတ်ပိုဟာ နယ်သာလန်အသင်းအတွက် မတူညီတဲ့ ကစားသမားပါ။ လီဗာပူးလ်အသင်းအနေနဲ့ သူ့ဆီကနေ အကောင်းဆုံးတွေကို ရယူရမယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲပ့ါတယ်။

ဂတ်ပိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် နယ်သာလန်အသင်းမှာတော့ အကောင်းဆုံး‌စွမ်းဆောင်ရည်တွေ ပြနေပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ပို့ဆောင်ပေးထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *