တူရကီ ဂိုးသမား ဂူနော့ခ်ရဲ့ကာကွယ်မှုကို ဂေါ်ဒွန်ဘန့်ခ်စ်ရဲ့ကာကွယ်မှုနဲ့ မီဒီယာတွေ နှိုင်းယှဉ်ခဲ့

0

မနေ့က ဩစတြီးယား(၁-၂)တူရကီ Round of 16 ပွဲစဉ်မှာ တူရကီဂိုးသမား ဂူနော့ခ်ရဲ့ကာကွယ်မှုကို အင်္ဂလန်ဂိုးသမားကြီး ဂေါ်ဒွန်ဘန့်ခ်စ်ရဲ့ကာကွယ်မှုနဲ့ မီဒီယာတွေ၊ ဘောလုံးဝေဖန်သူတွေက နှိုင်းယှဉ်ဖော်ပြခဲ့ကြပါတယ်။

ဒီပွဲစဉ်ရဲ့ထပ်ဆောင်းအချိန်ပို နောက်ဆုံးမိနစ်မှာ ဩစတြီးယားကွင်းလယ်လူ ဘမ်ဂတ်နာရဲ့ အပိုင်ခေါင်းတိုက်သွင်းယူမှုကို ဂူနော့ခ်က အံ့အားသင့်ဖွယ်လက်စွမ်းပြပြီး ကာကွယ်သွားနိုင်ခဲ့တာပါ။

ဂူနော့ခ်ရဲ့ကာကွယ်မှုကို ITV က ဘောလုံးပွဲဝေဖန်သုံးသပ်တင်ဆက်နေသူ လီဒစ်ဆင်က ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့သွင်းယူမှုကို ကာကွယ်ခဲ့တဲ့ အင်္ဂလန်ဂိုးသမားကြီး ဂေါ်ဒွန်ဘန့်ခ်စ်ရဲ့ကာကွယ်မှုနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ လီဒစ်ဆင်က “ဒါဟာ ဂေါ်ဒွန်ဘန့်စ်ရဲ့ကာကွယ်မှုနဲ့ ပုံစံအတူတူပါပဲ။ သူဟာ ပထမပိုင်းမှာလည်း ကောင်းမွန်တဲ့ ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပြီး တူရကီအသင်းကို ကွာတားဖိုင်နယ်ပို့ပေးခဲ့တယ်”လို့ ဆိုခဲ့ပါတယ်။

ဩစတြီးယားအသင်းနည်းပြ ရန်းနစ်ခ်ကလည်း သူတို့ဟာ ဒီပွဲစဉ်မှာ သရေကျဖို့ အချိန်အလုံအလောက်ရှိခဲ့ပေမယ့် တူရကီရဲ့ဂိုးပေါက်ထဲမှာ ဂေါ်ဒွန်ဘန့်ခ်စ်ရှိနေတာကြောင့် သူတို့အတွက် ခက်ခဲခဲ့တယ်လို့ ဂူနော့ခ်ကို ချီးကျူးခဲ့ပါတယ်။ ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ တူရကီဂိုးသမား ဂူနော့ခ်ရဲ့ကာကွယ်မှုကို ချီးကျူးခဲ့ကြပြီး ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးကာကွယ်မှုအဖြစ် ဖော်ပြခဲ့ကြပါတယ်။

တူရကီအသင်းဟာ ဒီနိုင်ပွဲကြောင့် ယူရို-၂၀၀၈ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ယူရိုကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *