ပွဲပယ်ကြောင့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ဗင်နီစီယပ်စ် လွဲချော်

0

ဒီမနက်ကစားခဲ့တဲ့ ဘရာဇီးလ်(၁-၁) ကိုလံဘီယာ ကိုပါအမေရိကဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရတဲ့ ဘရာဇီးလ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်ဟာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို ပွဲပယ်ကြောင့် လွဲချော်မယ်လို့ သိရပါတယ်။

ဗင်နီစီယပ်စ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇)မိနစ်မှာတင် ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းကို ခံခဲ့ရတာပါ။

ဗင်နီစီယပ်စ်ဟာ ပါရာဂွေးအသင်းကို အနိုင်ရခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်မှာလည်း အဝါကတ်ပြသခံခဲ့ရတာကြောင့် အုပ်စုတွင်းမှာ အဝါကတ်(၂)ကြိမ်ပြသခံခဲ့ရပြီး ကွာတားဖိုင်နယ်ပွဲစဉ်ကို ပွဲပယ်ခံခဲ့ရပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် (၂)ဂိုးသွင်းယူထားတဲ့ ဗင်နီစီယပ်စ် ပွဲပယ်ကြောင့်မပါဝင်နိုင်မှာက ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဘရာဇီးလ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာပါ။ ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာကတော့ သူတို့တွေဟာ ကြယ်ပွင့်တွေမပါဝင်ဘဲ ဘယ်လိုကစားရမလဲဆိုတာသင်ယူရမယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဒိုရီဗယ်လ်ဂျူနီယာက “ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ဟာ နေမာလို အဓိက ကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့ရတာကြာပါပြီ။ ကျွန်တော်တို့ဟာ အရေးပါတဲ့ကစားသမားတွေမပါဝင်တဲ့ ပွဲတွေအတွက် သင်ယူမှုတွေပြုလုပ်ရမှာပါ။ ဥရုဂွေးနဲ့ ခက်ခက်ခဲခဲကစားရပါလိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇူလိုင်(၇)ရက်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *