အောင်ပွဲခံချိန်မှာ ပြုလုပ်ခဲ့တဲ့ အမူအရာကြောင့် UEFA ရဲ့ပိတ်ပင်မှုကို ဒီမီရယ် ရင်ဆိုင်ရဖွယ်ရှိ

0

မနေ့က ဩစတြီးယား(၁-၂)တူရကီ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ တူရကီအသင်းနောက်ခံလူ ဒီမီရယ်ဟာ အောင်ပွဲခံချိန်မှာ ပြုလုပ်ခဲ့တဲ့အမူအရာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ပိတ်ပင်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒီမီရယ်ဟာ ဒီပွဲစဉ်မှာ တူရကီအသင်းအတွက် (၂)ဂိုးစလုံးသွင်းယူခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

ဒါပေမယ့် ဒီမီရယ်ဟာ တူရကီအသင်းအတွက် ဒုတိယဂိုးသွင်းယူအပြီးမှာ wolf salute အမူအရာပြုလုပ်ခဲ့တာကြောင့် UEFA ရဲ့ပိတ်ပင်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒီအမူအရာဟာ တူရကီအာဏာရပါတီ၊အမျိုးသားရေးလှုပ်ရှားမှုပါတီ(MHP)တိုနဲ့ အနီးကပ်ချိတ်ဆက်နေတဲ့ လက်ယာစွန်းအစွန်းရောက်အုပ်စု Grey Wolves တို့နဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ဒီလိုမျိုးအမူအရာပြုလုပ်တာကို ဩစတြီးယားမှာ ပိတ်ပင်ထားပြီး ဒဏ်ကြေးငွေအဖြစ် ယူရို(၄,၀၀၀)အထိ ချမှတ်နိုင်တာပါ။ ပြင်သစ်နိုင်ငံမှာလည်း ဒီလိုမျိုးအမူအရာပြုလုပ်တာကို ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဂျာမနီပြည်ထဲရေးဝန်ကြီးဖြစ်သူက “တူရကီလက်ယာအစွန်းရောက်တွေရဲ့သင်္ကေတတွေဟာ ငါတို့ရဲ့အားကစားကွင်းတွေမှာ နေရာမရှိပါဘူး။ ဥရောပဘောလုံးပြိုင်ပွဲကို ဒီလိုပြုလုပ်ဖို့တွေအတွက် အသုံးပြုတဲ့အပေါ် လုံးဝလက်မခံနိုင်ဘူး”လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားထားခဲ့တာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ဒီမီရယ်ပြုလုပ်ခဲ့တဲ့အမူအရာကို စုံစမ်းစစ်ဆေးမှုတွေစတင်နေတာကြောင့် ဒီမီရယ်ဟာ နယ်သာလန်အသင်းနဲ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲပယ်ခံရဖွယ်ရှိနေပါတယ်။ ဒီမီရယ်ကတော့ သူဟာ စိတ်ထဲမှာရှိခဲ့တဲ့ ဂိုးအောင်ပွဲခံမှုကို ပြုလုပ်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *