ဗင်နီစီယပ်စ်ရဲ့ဖြစ်ရပ်မှာ ပယ်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးမှားယွင်းခဲ့တယ်လို့ CONMEBOL ဝန်ခံ

0

မနေ့က ဘရာဇီးလ်(၁-၁)ကိုလံဘီယာ ကိုပါအမေရိကဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရာဇီးလ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်ရဲ့ဖြစ်ရပ်ကို ပယ်နယ်တီမပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR အမှားပြုလုပ်ခဲ့တယ်လို့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)က ဝန်ခံခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက ကိုလံဘီယာအသင်းကို (၁-ဝ)ဂိုးနဲ့ ဦးဆောင်ထားချိန် ပွဲချိန်(၄၂)မိနစ်မှာ ကိုလံဘီယာအသင်းနောက်ခံလူ မူနော့ဇ်ဟာ ဂိုးဧရိယာအတွင်း ဘောလုံးကိုဖျက်ထုတ်ခဲ့ရာမှာ ဘောလုံးကို မထိဘဲ ဗင်နီစီယပ်စ်ရဲ့ခြေထောက်ကို ထိခဲ့တာပါ။

ဘရာဇီးလ်အသင်းကစားသမားတွေဟာ ပယ်နယ်တီတောင်းဆိုခဲ့ပေမယ့် ဗင်နီဇွဲလားကွင်းလယ်ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအဖြစ်မသတ်မှတ်ခဲ့သလို အာဂျင်တီးနားဒိုင်လူကြီးဦးဆောင်တဲ့ VAR ဒိုင်အဖွဲ့ကလည်း မူနော့ဇ်ဘောလုံးကို ထိခဲ့တယ်လို့ သုံးသပ်ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

CONMEBOL ရဲ့Video ထုတ်ပြန်ချက်မှာ မူနော့ဇ်ဟာ ဘောလုံးကို ထိခဲ့ခြင်းမရှိတဲ့အတွက် ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR အမှားပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ဒီအမှားဟာ ဘရာဇီးလ်အသင်းအတွက် ကြီးမားခဲ့ပြီး ကိုလံဘီယာအသင်းကို အနိုင်ရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းဟာ ဒီအဖြစ်အပျက်အပြီးမှာ ကိုလံဘီယာအသင်းကို ချေပဂိုးပေးခဲ့ရတာကြောင့် ကွင်းလယ်ဒိုင်လူကြီးက ဒီပွဲရဲ့အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ကိုလံဘီယာအသင်းကို အနိုင်မရခဲ့တာကြောင့် အုပ်စုတွင်းဒုတိယသာရရှိခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒါ့အပြင် ဘရာဇီးလ်အသင်းဟာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ အဝါကတ်ထိခဲ့တဲ့ ဗင်နီစီယပ်စ်ကို ပွဲပယ်ကြောင့် ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ ဆုံးရှုံးခဲ့ရလို့ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *