စပိန်နဲ့ပွဲမတိုင်ခင် နည်းဗျူဟာ အစီအစဉ်တွေ မပေါက်ကြားစေဖို့ ဂျာမနီ လုပ်ဆောင်

0

ဒီနေ့ကစားမယ့် စပိန်-ဂျာမနီ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် အိမ်ရှင်ဂျာမနီအသင်းဟာ သူတို့ရဲ့နည်းဗျူဟာအစီအစီအစဉ်တွေ မပေါက်ကြားစေဖို့ ပြင်းထန်တဲ့အစီအမံတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဂျာမနီသတင်းစာ Bild က ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းဟာ သူ့ရဲ့ထိပ်တန်းပွဲစဉ်လျှို့ဝှက်အစီအစဉ်တွေကို လေ့ကျင့်ရေးစခန်းအတွင်းမှာ သူလျှိုလုပ်မှာကို စိုးရိမ်‌ပြီး အထူးလုံခြုံရေးအစီအမံတွေ ထားရှိထားတယ်လို့ ဖော်ပြထားပါတယ်။

လေ့ကျင့်ရေးကွင်းကို စပိန်ပရိသတ်တွေစောင့်ကြည့်နေတာကို သတိထားမိတဲ့အတွက် ဂျာမနီအသင်းဟာလေ့ကျင့်ရေးစခန်းကို အကာအကွယ်တွေ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဆောက်အဦပတ်ပတ်လည်တွေမှာ လုံခြုံရေးတွေချထားတာပါ။ Bild က ဂျာမနီအသင်းဟာ လေ့ကျင့်ရေးကွင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကို ဘယ်သူမှမကြားနိုင်အောင် ကာကွယ်ဖို့ မိုဘိုင်းဖုန်းတွေမှာ သီချင်းအကျယ်ကြီးဖွင့်ခိုင်းထားတာလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Bild က သတင်းထောက်(၂)ဦးဟာ ဒီလိုလုပ်ဆောင်မှုတွေကို စုံစမ်းခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီအသင်းရဲ့ကွင်းအတွင်းက နည်းဗျူဟာတွေကို ဘယ်သူမှမကြားနိုင်အောင် ဖွင့်ထားခဲ့တဲ့ သီချင်းတွေကတော့ ဂျာမနီကလေးစီးရီးက ‘Benjamin Blümchen’ နဲ့ ၁၉၈၀ ခုနှစ်က ‘Cheri Cheri Lady’ တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စပိန်နဲ့ ဂျာမနီအသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုတွင်းမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး (၁)ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *