Panenka ပုံစံနဲ့ မိမိပယ်နယ်တီ သွင်းနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် ဒေါသထွက်မိတယ်လို့ မက်ဆီ ဆို

0

ဒီမနက် ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၁-၁)အီကွေဒေါ (ပယ်နယ်တီ ၄-၂) ပွဲအပြီးမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက Panenka ပုံစံနဲ့ မိမိပယ်နယ်တီသွင်းယူနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် ဒေါသထွက်မိတယ်လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

မက်ဆီဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးကန်သွင်းသူအဖြစ်တာဝန်ယူခဲ့ပေမယ့် သူ့ရဲ့ကန်သွင်းချက်ဟာ လွဲချော်သွားခဲ့တာပါ။

မက်ဆီဟာ အစောပိုင်းက ဒီပွဲစဉ်ကို ပါဝင်နိုင်ဖို့မသေချာဘူးလို့ နည်းပြ စကာလိုနီက ပြောခဲ့ပေမယ့် ပွဲယှဉ်ပြိုင်တဲ့အချိန်မှာ ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီ ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းဖော်တွေက နောက်ကန်သွင်းတဲ့ ပယ်နယ်တီ(၄)ဂိုးစလုံးကို ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းဂိုးသမား အီမီမာတီနက်ဇ်ကလည်း အီကွေဒေါအသင်းရဲ့ပထမဆုံးပယ်နယ်တီ (၂)လုံးကို ကာကွယ်ပြီး အာဂျင်တီးနားအသင်းကို ဆီမီးဖိုင်နယ် ပို့ဆောင်ပေးခဲ့ပါတယ်။

မက်ဆီက “ကျွန်တော်ဟာ ဒီလိုမျိုးပုံစံနဲ့ ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတွက် အလွန်ဒေါသထွက်မိပါတယ်။ ကျွန်တော်ဟာ ဒီလိုကန်သွင်းတာကို လေ့မကျင့်ခဲ့ပေမယ့် အသင်းဖော်ဂိုးသမားတွေနဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော်ဘောလုံးကို ထိလိုက်တဲ့အချိန်မှာ အမြင့်ကို တက်သွားခဲ့ပါတယ်”လို့ ဆိုခဲ့တာပါ။

မက်ဆီဟာ ဒီပွဲစဉ်ကို မကစားခင် ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် အခုအချိန်မှာတော့ အဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် ဆီမီးဖိုင်နယ်မှာ ဗင်နီဇွဲလားနဲ့ ကနေဒါအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *