ကိုပါအမေရိကဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် နည်းပြ ဖီလစ်ဆန်းချက်ဇ်ကို အီကွေဒေါ ထုတ်ပယ်

0

ဒီမနက်ကစားခဲ့တဲ့ အာဂျင်တီးနား(၁-၁)အီကွေဒေါ ပယ်နယ်တီ(၄-၂) ကိုပါအမေရိကဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ အီကွေဒေါဘောလုံးအဖွဲ့ချုပ်(FEF)ဟာ နည်းပြဖြစ်သူ ဖီလစ်ဆန်းချက်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။

ကာတာအသင်းကို ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ ဖီလစ်ဆန်းချက်ဇ်ဟာ အီကွေဒေါအသင်းကို ပြီးခဲ့တဲ့နှစ် မတ်က စတင်ကိုင်တွယ်ခဲ့ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် (၁)နှစ်အကြာမှာ ထုတ်ပယ်ခံခဲ့ရတာပါ။

အီကွေဒေါဘောလုံးအဖွဲ့ချုပ်က ဖီလစ်ဆန်းချက်ဇ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေရဲ့အလုပ်ကြိုးပမ်းမှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်ကြိုးပမ်းမှုတွေမှာ အောင်မြင်ဖို့ဆုတောင်းပေးကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဖီလစ်ဆန်းချက်ဇ်ဟာ အီကွေဒေါအသင်းပရိသတ်တွေနဲ့ မီဒီယာတွေက သူ့ရဲ့စီမံခန့်ခွဲမှုအပေါ် ပြင်းထန်တဲ့ ဆန့်ကျင့်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရသေးတာပါ။

ဖီလစ်ဆန်းချက်ဇ်က “နောက်တစ်ဆင့်မတက်နိုင်ရင်တောင် ကစားသမားတွေကို အသိအမှတ်ပြုရမှာပါ။ ဒီကစားသမားတွေဟာ ငယ်ရွယ်ပြီး သူတို့ကို ယုံကြည်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီရှုံးနိမ့်မှုကြောင့် နာကျင်ရပါတယ်”လို့ အာဂျင်တီးနားအသင်းနဲ့ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ အီကွေဒေါအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အဆင့်(၅)နေရာရပ်တည်နေပြီး လာမယ့် စက်တင်ဘာမှာ ဘရာဇီးလ်၊ပီရူးအသင်းတို့နဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *