ပေါ်တူဂီ-ပြင်သစ် အချိန်ပိုမှာ မိမိကိုလူစားလဲပေးဖို့ နည်းပြ ဒေးရွှမ့်ကို တောင်းဆိုခဲ့တယ်လို့ ဘာပေ ဆို

0

မနေ့က ပေါ်တူဂီ(ဝ-ဝ)ပြင်သစ် (AET) ပယ်နယ်တီ(၃-၅) ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက သူဟာ ဒီပွဲစဉ်ရဲ့အချိန်ပိုဒုတိယပိုင်းမစတင်ခင်မှာ လူစားလဲပေးဖို့ နည်းပြ ဒေးရွှမ့်ကို တောင်းဆိုခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဘာပေဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးခဲ့တာကြောင့် မျက်နှာဖုံးတပ်ဆင်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်နေပေမယ့် ပယ်နယ်တီ(၁)ဂိုးသာ သွင်းယူထားပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို ရရှိခြင်းမရှိသေးတာပါ။

ဘာပေဟာ ဒီပွဲစဉ်မှာလည်း ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရသလို ဘောလုံးနဲ့ သူ့မျက်နှာကို ထိခိုက်ခဲ့တာကြောင့် မျက်နှာဖုံးကို ချွတ်ပြီး ကွင်းထဲလဲခဲ့ပြီးနောက် သိပ်မကြာခင်မှာ လူစားလဲပေးဖို့တောင်းဆိုခဲ့ကာ ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန်မှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာပေက “အချိန်ပို ပထမပိုင်းအပြီးမှာ ကျွန်တော့်ကို လူစားလဲပေးဖို့ နည်းပြကို တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်အလွန်ပင်ပန်းနေပြီး ဘာကိုမှမခံစားရတော့ဘူး”လို့ ဆိုခဲ့တာပါ။

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ဘာပေဟာ သူနဲ့ အသင်းအပေါ်မှာ အမြဲတမ်းရိုးသားခဲ့တယ်လို့ လူစားလဲမှုနဲ့ပတ်သက်ပြီး မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲ Round of 16 နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲတွေမှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီတစ်ကြိမ် ပယ်နယ်တီအဆုံးအဖြတ်မှာတော့ နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ပြင်သစ်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီအသင်းကို အချိန်ပိုမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *