အင်္ဂလန်- ဆွစ်ဇာလန်ပွဲမှာ အသင်းဖော်တစ်ဦး ပယ်နယ်တီ မကန်ချင်ခဲ့ဘူးလို့ အာနိုးလ် ဖွင့်ဟ

0

မနေ့က အင်္ဂလန်(၁-၁)ဆွစ်ဇာလန် ပယ်နယ်တီ(၅-၃) ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အင်္ဂလန်အသင်းဖော်တစ်ဦး ပယ်နယ်တီမကန်ချင်ခဲ့တဲ့အကြောင်း သူ့ရဲ့သူငယ်ချင်းတွေကို ပြောပြနေတဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာမှာပျံ့နှံ့နေခဲ့ပါတယ်။

အာနိုးလ်ဟာ ဒီပွဲရဲ့အချိန်ပိုဒုတိယပိုင်းမှာ လူစားဝင်လာပြီး အင်္ဂလန်အသင်းဆီမီးဖိုင်နယ်တက်စေမယ့် အဆုံးအဖြတ်ပယ်နယ်တီကိုကန်သွင်းခဲ့သူပါ။

ပယ်နယ်တီအဆုံးအဖြတ်မှာ အာနိုးလ်အပါအဝင် ကိုးလ်ပါမား၊ ဘယ်လင်ဂမ်၊ ဆာကာနဲ့ တိုနေးတို့ဟာ အင်္ဂလန်အသင်းအတွက် ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ကြပါတယ်။ အာနိုးလ်ဟာ ပွဲအပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အောင်ပွဲခံနေချိန်မှာ အသင်းဖော်တစ်ဦးဟာ ပယ်နယ်တီမကန်ချင်ခဲ့ဘူးလို့ ပြောခဲ့တာပါ။ သူရဲ့ပြောဆိုမှုအပြီးမှာ ဘယ်ကစားသမားက ပယ်နယ်တီမကန်ချင်ခဲ့တာလဲဆိုတဲ့အပေါ် ဆိုရှယ်မီဒီယာမှာ ငြင်းခုံမှုတွေရှိလာခဲ့ပါတယ်။

အာနိုးလ်ပြောခဲ့သူဟာ ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန် ကွင်းထဲမှာရှိနေတဲ့ ဂျွန်စတုန်းစ်၊ ဝေါလ်ကာ၊ လုပ်ခ်ရှော၊ အီဇီ၊ ဒက်ကလန်ရိုက်စ်နဲ့ ပစ်ဖိုဒ့်ထဲက ဖြစ်နိုင်ပေမယ့် ပရိသတ်တချို့ကတော့ ဖိုဒန်နဲ့ ဟာရီကိန်းတို့ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဖိုဒန်နဲ့ ဟာရီကိန်းတို့ဟာ အချိန်ပိုမှာ အာနိုးလ်၊ တိုနေးတို့နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ပယ်နယ်တီကန်သွင်းသူတွေကို နည်းပြဆောက်ဂိတ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေက ရွေးချယ်ခဲ့တာဖြစ်ပြီး ကစားသမားတွေကို ရွေးချယ်ခွင့်မပေးဘူးလို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ ဆွစ်ဇာလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံး ယူရိုပြိုင်ပွဲ(၂)ကြိမ်ဆက် ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *