အင်္ဂလန်နဲ့ ပွဲမှာ ပယ်နယ်တီ သူရဲကောင်းဖြစ်ချင်ခဲ့တယ်လို့ ရှာကာ ပြစ်တင်ဝေဖန်ခံနေရ

0

အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်(၅-၃)ဂိုးနဲ့ ဆွစ်ဇာလန်အသင်း အရေးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာဟာ ပယ်နယ်တီသူရဲကောင်းဖြစ်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲမှုအပါအဝင် ပရိသတ်တွေဆီကနေ ဝေဖန်မှုအများအပြားကို ရရှိခဲ့ပါတယ်။ ရှာကာဟာ ဆွစ်ဇာလန်အသင်း ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်အောင် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ဝေဖန်မှုကနေ လွတ်မြောက်ခဲ့ခြင်းမရှိတာပါ။

ရှာကာဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ ဆွစ်ဇာလန်အသင်းရဲ့(၅)လုံးမြောက် ပယ်နယ်တီကန်သွင်းဖို့စီစဥ်ခဲ့ပေမယ့် အာနိုးလ်ရဲ့ကန်သွင်းမှုဂိုးဝင်သွားခဲ့ပြီး အင်္ဂလန်အသင်းအနိုင်ရသွားတာကြောင့် ကန်သွင်းခဲ့ရခြင်းမရှိတာဖြစ်ပါတယ်။ ပရိသတ်အချို့က ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒို၊ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာတို့ ပယ်နယ်တီအဆုံးအဖြတ်မှာ (၅)လုံးမြောက် ပယ်နယ်တီကန်သွင်းဖို့ စီစဥ်ခဲ့ပေမယ့် ကန်ခွင့်မရခဲ့တာနဲ့ နှိုင်းယှဥ်ပြောဆိုနေကြတာပါ။

ယူရို-၂၀၁၂ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ စပိန်အသင်းနဲ့ပွဲမှာ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် (၅)လုံးမြောက်ပယ်နယ်တီကန်သွင်းဖို့ စီစဉ်ခဲ့ပေမယ့် သူမကန်သွင်းခင်မှာ စပိန်အသင်းအနိုင်ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘရာဇီးလ်-ခရိုအေးရှားပွဲရဲ့ပယ်နယ်တီအဆုံးအဖြတ်မှာ နေမာဟာ ဘရာဇီးလ်အသင်းအတွက် (၅)လုံးမြောက် ပယ်နယ်တီကန်သွင်ဖို့ စီစဥ်ခဲ့ပေမယ့် သူမကန်ခင်မှာ ဘရာဇီးလ်အသင်းဟာ အရေးနိမ့်ခဲ့တာပါ။

အဲ့ဒါကြောင့် ရှာကာဟာ ဆွစ်ဇာလန်အသင်းရဲ့ပယ်နယ်တီအဆုံးအဖြတ်မှာ (၅)လုံးမြောက် ပယ်နယ်တီကန်သွင်းပြီး သူရဲကောင်းဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပရိသတ်တစ်ဦးက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကတော့ ရှာကာဟာ နေမာရဲ့စာရင်းထဲ ဝင်ရောက်သွားပြီလို့ ရေးသားခဲ့တာပါ။ ဒါပေမယ့် ရှာကာဟာ သူကစားတဲ့အသင်းတွေမှာ ပုံမှန်ပယ်နယ်တီကန်သွင်းသူ မဟုတ်ဘဲ သူ့ရဲ့ကစားသမားဘ၀မှာ သာမန်ပွဲကစားချိန်အတွင်း ပယ်နယ်တီ(၄)ကြိမ်ကန်သွင်းရာမှာ (၃)ကြိမ် ဂိုးဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *