၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဘရာဇီးလ်နည်းပြအဖြစ် ဒိုရီဗယ်လ်ဂျူနီယာ ဆက်ရှိမယ်လို့ CBF အတည်ပြု

0

ဘရာဇီးလ်အသင်းဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရပေမယ့် နည်းပြ ဒိုရီဗယ်လ်ဂျူနီယာဟာ နိုင်ငံအသင်းနည်းပြအဖြစ် အနည်းဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ရှိမယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုက အတည်ပြုခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဥရုဂွေးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်(၂-၄)ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် နည်းပြ ဒိုရီဗယ်လ်ဂျူနီယာဟာ ဖိအားဒဏ်တွေကို ခံစားခဲ့ရတာပါ။

ဘရာဇီးလ်အသင်းဟာ ဥရုဂွေးအသင်းကို အရေးမနိမ့်ခင် အုပ်စုတွင်းမှာ ကစားခဲ့တဲ့ပွဲတွေမှာလည်း (၁)ပွဲသာအနိုင်ရခဲ့ပြီး အထင်ကြီးဖွယ်စွမ်းဆောင်ရည် ပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဒိုရီဗယ်လ်ဂျူနီယာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပါ။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုက သူတို့ဟာ လာမယ့်(၂)လအတွင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားဖို့ရှိနေပြီး နည်းပြ ဒိုရီဗယ်လ်ဂျူနီယာနဲ့ ဆက်ပြီးသွားမယ်လို့ ESPN Brasil ကို ပြောခဲ့ပါတယ်။

ဒိုရီဗယ်လ်ဂျူနီယာက ဘရာဇီးလ်အသင်း ကိုပါအမေရိဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အပေါ် သူ့မှာတာဝန်အပြည့်အဝရှိတယ်လို့ ဥရုဂွေးအသင်းနဲ့ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ပြောထားတာပါ။ ကိုပါအမေရိကဖလားကို ၂၀၁၉ က နောက်ဆုံးရယူနိုင်ခဲ့တဲ့ ဘရာဇီးလ်အသင်းဟာ လွန်ခဲ့တဲ့ (၂)နှစ်က ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ရလဒ်တွေဆိုးနေပြီး (၆)ပွဲကစားထားရာမှာ (၂)ပွဲသာ အနိုင်ရရှိကာ အဆင့်(၆)နေရာမှာ ရပ်တည်နေပါတယ်။

အဲ့ဒါကြောင့်လည်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBDF)ဟာ ဒိုရီဗယ်လ်ဂျူနီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ ဘရာဇီးလ်အသင်းဟာ လာမယ့်စက်တင်ဘာမှာ ခြေစစ်ပွဲ(၂)ပွဲအဖြစ် အီကွေဒေါ၊ပါရာဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *