လုပ်ပွဲကြောင့် ပွဲပယ်ခံရဖူးပြီး ဘယ်လင်ဂမ်နဲ့လည်း ငြိဖူးတဲ့ဒိုင်ကို အင်္ဂလန်ပွဲအတွက် UEFA တာဝန်ပေး

0

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ် အင်္ဂလန်-နယ်သာလန်ပွဲ အတွက် လုပ်ပွဲကြောင့် ပွဲပယ်ခံခဲ့ရဖူးပြီး အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့လည်း သမိုင်းကြောင်းရှိခဲ့ဖူးတဲ့ ဂျာမန်ကွင်းလယ်လူ ဖီးလစ်ဇွာယာကို ကိုင်တွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။

ဒီပွဲကို ဖီးလစ်ဇွာယာနဲ့အတူ ဂျာမန်လူမျိုးတွေဖြစ်တဲ့ စတီဖန်လပ်နဲ့ မာကိုတို့ဟာ စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူသွားမယ်လို့ UEFA က ကြေညာခဲ့တာပါ။

အသက်(၄၃)နှစ်အရွယ်ရှိ ဖီးလစ်ဇွာယာဟာ လုပ်ပွဲပြုလုပ်ပေးဖို့ ကွင်းလယ်ဒိုင်လူကြီး ရောဘတ်ဟိုဇာဆီကနေ လာဘ်ငွေပေါင်(၂၅၀)လက်ခံခဲ့တာကြောင့် ၂၀၀၅ က (၆)လကြာပွဲပယ်ခြင်းခံခဲ့ရဖူးပါတယ်။ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဒေါ့မွန်အသင်းမှာကစားနေချိန် ၂၀၂၁ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဖီးလစ်ဇွာယာနဲ့ ပတ်သက်ပြီး ပွဲအပြီးအင်တာဗျူးမှာ လုပ်ပွဲကြောင့် ပွဲပယ်ခံရတဲ့ သူ့ရဲ့အဖြစ်အပျက်ကို ထည့်ပြီးပြောသွားခဲ့ဖူးပါတယ်။

ဒီပွဲစဉ်မှာ ဖီးလစ်ဇွာယာဟာ ဒေါ့မွန်အသင်းနောက်ခံလူ ဟမ်းမဲလ်ဂိုးဧရိယာအတွင်း ဘောလုံးကို လက်နဲ့ထိခဲ့တယ်ဆိုပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပယ်နယ်တီပေးခဲ့တဲ့အပေါ် ဘယ်လင်ဂမ်က ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လင်ဂမ်က”ပွဲထဲက ဆုံးဖြတ်ချက်အများအပြားကို ခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်။ ဂျာမနီရဲ့အကြီးမားဆုံးပွဲမှာ လုပ်ပွဲလုပ်ခဲ့တဲ့သူကို ဒိုင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။ ဘာကို မျှော်လင့်လို့ရမှာလဲ”လို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုခဲ့တာပါ။

ဘယ်လင်ဂမ်ဟာ ဒီလိုပြောဆိုမှုကြောင့် ယူရို(၄)သောင်း ဒဏ်ကြေးချမှတ်ခံခဲ့ရပါတယ်။ အင်္ဂလန်ပရိသတ်တွေကတော့ ဒီလိုမျိုး ဒိုင်ကို သူတို့ရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တာဝန်ပေးခဲ့တဲ့ အပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဖီးလစ်ဇွာယာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပွဲစဉ်(၃)ပွဲကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အဝါကတ်(၁၃)ကတ်အထိ ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *