ပြင်သစ်အသင်း ကစားတာပျင်းဖို့ကောင်းရင် အခြားတစ်ပွဲကြည့်လို့ဆိုခဲ့ပြီး ဂျာနယ်လစ်တစ်ဦးကို ဒေးရွှမ့် တုံ့ပြန်

0

ဒီနေ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် စပိန်-ပြင်သစ်ပွဲအတွက်ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ပြင်သစ်အသင်းကစားတာ ပျင်းဖို့ကောင်းတယ်လို့ ပြောခဲ့တဲ့ ဂျာနယ်လစ်တစ်ဦးကို ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က “အခြားပွဲတစ်ပွဲကြည့်”လို့ ပြောပြီး တုံ့ပြန်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ကို ရောက်ရှိနေပေမယ့် အခုထိသွင်းဂိုး(၃)ဂိုးသာ သွင်းယူထားပြီး ဒီထဲက (၂)ဂိုးက Own Goal ကနေ ရရှိခဲ့တာပါ။

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေကလည်း မျက်နှာဖုံးနဲ့အတူ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေပြီး ပယ်နယ်တီကနေ သွင်းဂိုး(၁)ဂိုးသာ သွင်းယူထားပါတယ်။ ဒေးရွှမ့်ကတော့ ဒီပြိုင်ပွဲမှာ အသင်းအများအပြားဟာ ဂိုးရဖို့ ခက်ခဲနေတယ်လို့ ပြင်သစ်အသင်းရဲ့ဂိုးရရှိဖို့ ခက်ခဲနေမှုကို ကာကွယ်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကစားတာ ပျင်းဖို့ကောင်းတယ်လို့ ပြောခဲ့တဲ့ ဆွီဒင်ဂျာနယ်လစ်တစ်ဦးကို တုံ့ပြန်ခဲ့တာပါ။

ဒေးရွှမ့်က “ကျွန်တော်တို့ကစားတာကြည့်ဖို့ ပျင်းတယ်ဆိုရင် နောက်တစ်ပွဲကြည့်လိုက်ပါ။ ကျွန်တော်တို့ပွဲကို ကြည့်စရာမလိုပါဘူး။ ယူရိုမှာ သွင်းဂိုးနည်းပြီး အသင်းတိုင်းအတွက် ခက်ခဲပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံရနေတဲ့ စပိန်အသင်းနဲ့ ပွဲစဉ်ဟာ ပြင်သစ်အသင်းအတွက် ကြီးမားတဲ့ စမ်းသပ်မှုဖြစ်ပြီး ပြင်သစ်အသင်းအနေနဲ့ ဗိုလ်လုပွဲတက်ချင်ရင် အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *