ကစားသမားဟောင်း ဘယ်လာမီကို နည်းပြသစ်အဖြစ် ဝေးလ်စ်(၄)နှစ် စာချုပ်ဖြင့် ခန့်အပ်

0

ဝေးလ်စ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဘယ်လာမီကို (၄)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ပါတယ်။

အသက်(၄၄)နှစ်အရွယ်ရှိ ဘယ်လာမီဟာ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နည်းပြဟောင်း ရော့ဘ်ပေ့ချ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ဝေးလ်စ်အသင်းကို ကိုင်တွယ်ရမှာပါ။

ဘယ်လာမီဟာ ဝေးလ်စ်အသင်းအတွက် (၇၈)ပွဲပါဝင်ကစားခဲ့ပြီး ၂၀၀၇ ကနေ ၂၀၁၀ အထိအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ ဘယ်လာမီဟာ ဝေးလ်စ်အသင်းရဲ့နည်းပြသစ်မဖြစ်ခင် နည်းပြ ကွန်ပနီထွက်ခွာသွားတဲ့ ဘန်လေအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေပေမယ့် ဘန်လေအသင်းက စကော့ပါကားကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ။ ဘယ်လာမီက ကိုယ့်ရဲ့နိုင်ငံအသင်းကို ကိုင်တွယ်ခွင့်ရတာက ဂုဏ်ယူစရာအကောင်းဆုံးပဲလို့ ဝေးလ်စ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရအပြီးမှာ ပြောခဲ့ပါတယ်။

ဘယ်လာမီက “ကိုယ့်ရဲ့နိုင်ငံကို ဦးဆောင်ခွင့်ရမယ့် အခွင့်အရေးဟာ ကျွန်တော့်အတွက်တော့ မယုံနိုင်လောက်တဲ့ ဂုဏ်ယူစရာပါ။ ဝေးလ်စ်အသင်းနည်းပြဖြစ်လာဖို့က ကျွန်တော့်ရဲ့အိပ်မက်ဖြစ်ပြီး ဒီစိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဝေးလ်စ်ဘောလုံးလောကအတွက် အောင်မြင်မှုတွေယူဆောင်ပေးဖို့ စိတ်အားထက်သန်နေတယ်”လို့ ပြောခဲ့တာပါ။

ဘယ်လာမီဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့ ဝေးလ်စ်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်ရမှာဖြစ်ပါတယ်။ ဘယ်လာမီဟာ ဝေးလ်စ်အသင်းနည်းပြဘ၀ ပထမဆုံးပွဲစဉ်အဖြစ် စက်တင်ဘာမှာ ကစားရမယ့် တူရကီ၊မွန်တီနီဂရိုးအသင်းတို့နဲ့ UEFA Nations League ပွဲစဉ်တွေမှာ စတင်ကိုင်တွယ်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *