ယူရိုဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် လေကျယ်ခဲ့တဲ့ ရာဘီယူကို ပွဲအပြီးမှာ ယာမားလ် တုံ့ပြန်

0

မနေ့က စပိန်(၂-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲအပြီးမှာ စပိန်အသင်းလူငယ်ကြယ်ပွင့် ယာမားလ်က ဒီပွဲစဉ်မတိုင်ခင် သူ့ကိုမှတ်ချက်ပေးခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူကို ပြန်ပြီးတုံ့ပြန်သွားခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြသနေတဲ့ ယာမားလ်ဟာ ပြင်သစ်အသင်းနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြပြီး (၁)ဂိုးသွင်းယူခဲ့ကာ ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု(MOTM)ကိုရရှိခဲ့ပါတယ်။

ယာမားလ်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့သွင်းဂိုးကြောင့် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်က ပြင်သစ်ကွင်းလယ်လူ ရာဘီယူက ယာမားလ်ဟာ ဖိအားတွေကို ခံနိုင်ရည်ရှိတဲ့ ကစားသမားဖြစ်သလို အရည်အသွေးတွေအများကြီးရှိတဲ့သူဖြစ်ပေမယ့် ဗိုလ်လုပွဲတက်ချင်ရင် ဒီပွဲမှာဒီထက်ပိုပြီး လုပ်ပြဖို့လိုတယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။

ရာဘီယူရဲ့ပြောဆိုမှုအပေါ် ယာမားလ်ဟာ ပွဲအပြီးအောင်ပွဲခံချိန် တီဗီကင်မရာရှေ့မှာ”အခုပြောပါ၊အခုပြောပါ”ဆိုပြီး ပြောကာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ယာမားလ်ဟာ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဒီလိုပြောဆိုမှုနဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ “အဲ့ဒီလူသိပါတယ်”လို့ ဖြေဆိုခဲ့ပါတယ်။

ယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်ခင် စနေနေ့မှာ အသက်(၁၇)နှစ်ပြည့်မှာဖြစ်လို့ သူ့ရဲ့မွေးနေ့ပွဲကို ဂျာမနီမှာ စပိန်အသင်းဖော်တွေနဲ့အတူ ကျင်းပသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ ဘာစီလိုနာအသင်းကြယ်ပွင့် ယာမားလ်ဟာ စပိန်အသင်းအတွက် (၁၃)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *