နယ်သာလန်- အင်္ဂလန် ယူရိုဆီမီးဖိုင်နယ်ပွဲစဉ်မှာ လုပ်ခ်ရှော အရန်ခုံ ထိုင်ရဖွယ်ရှိ

0

ဒီနေ့ကစားမယ့် နယ်သာလန်-အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းရဲ့အရန်ခုံမှာ ထိုင်ရဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါနေပါတယ်။ လုပ်ခ်ရှောက သူဟာနယ်သာလန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းပါဝင်နိုင်ဖို့အတွက် ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။

လုပ်ခ်ရှောဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းပြီးကတည်းက ကြံ့ခိုင်မှုပိုင်းရုန်းကန်ခဲ့ရပြီး အသင်းဖော်တွေအားလုံးနဲ့ အတူတွဲပြီး လေ့ကျင့်မှုမပြုလုပ်ခင်မှာ တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ လုပ်ခ်ရှောဟာ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အထိ အင်္ဂလန်အတွက် မပါဝင်နိုင်ခဲ့ဘဲ ဆွစ်ဇာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှသာ လူစားဝင်ကစားသမားအဖြစ် ပွဲချိန်(၇၈)မိနစ်မှာ ပါဝင်ခဲ့ရတာပါ။

လုပ်ခ်ရှောဟာ ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာပါဝင်ခဲ့ပြီးနောက် နယ်သာလန်အသင်းနဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။ Sky Sports ကတော့ နည်းပြဆောက်ဂိတ်ဟာ ဘယ်နောက်ခံလူအဖြစ် ထရစ်ပီယာကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုပြီး လုပ်ခ်ရှောကို လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုမယ်လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ ဂူဟီဟာ နယ်သာလန်အသင်းနဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်လို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ သူ့ကို ပွဲထွက်လူစာရင်းမှာ ပြန်လည်အသုံးပြုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *