ကနေဒါကို အနိုင်လောင်းပြီး ဒေါ်လာ(၃)သိန်း ဆုံးရှုံးခဲ့ရတဲ့ Drake ကို အာဂျင်တီးနားအသင်း လှောင်ပြောင်

0

ဒီမနက်က အာဂျင်တီးနား(၂-ဝ)ကနေဒါ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ကနေဒါအသင်းအနိုင်လောင်းပြီး ဒေါ်လာ(၃)သိန်းဆုံးရှုံးသွားခဲ့တဲ့ ကနေဒါရက်ပ်အဆိုတော် Darke ကို အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်မှုပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲမှာသာ ကနေဒါအသင်းအနိုင်ရခဲ့ရင် Darke ဟာ ဒေါ်လာ(၂.၈)သန်းကို သူ့ရဲ့အိတ်ကပ်ထဲထည့်သွင်းလို့ရမှာဖြစ်ပေမယ့် အခုတော့ ဒေါ်လာ(၃)သိန်းဆုံးရှုံးသွားခဲ့ရတာပါ။

အာဂျင်တီးနားအသင်းဟာ Darke ကို သူ့ရဲ့ရက်ပ်ပြိုင်ဘက်ဖြစ်တဲ့ ကန်ဒရစ်လာမာရဲ့သီချင်းစာသားကို အသုံးပြုပြီး လှောင်ပြောင်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပွဲအပြီးမှာ ကန်ဒရစ်လာမာရဲ့နာမည်ကျော်သီချင်းဖြစ်တဲ့ ‘Not Like Us’ ကို အသုံးပြုခဲ့တာပါ။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)ရဲ့တရားဝင်အကောင့်မှာ မက်ဆီနဲ့ အာဂျင်တီးနားအသင်းဖော်တွေ အောင်ပွဲခံနေတဲ့ပုံနဲ့အတူ “Not like us, not with us”ဆိုပြီး ရေးတင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကနေဒါအသင်းကို အနိုင်ရပြီး ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲတက်နိုင်ခဲ့တာကြောင့် လက်ရှိချန်ပီယံဆုကို ကာကွယ်ဖို့ နီးစပ်လာခဲ့ပြီဖြစ်တာပါ။ အသင်းခေါင်းဆောင် မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၁ ကိုပါအမေရိကဖလား၊၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူပြီးနောက် အဓိကပြိုင်ပွဲတွေမှာ ချန်ပီယံဆု(၃)ကြိမ်ဆက်အဖြစ် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုလံဘီယာနဲ့ ဥရုဂွေးအသင်းတို့ဆီမီးဖိုင်နယ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်မှာအရေးနိမ့်တဲ့အသင်းကတော့ ကနေဒါအသင်းနဲ့ တတိယနေရာလုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *