ပွဲကျပ်ကာလမတိုင်မီ အဓိက ကစားသမားတွေဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့ မန်စီးတီး

0

ဖလား(၃)လုံးချန်ပီယံမန်စီးတီးအသင်းရဲ့ အဓိကကစားသမား(၆)ဦးဟာ မတ်လနိုင်ငံတကာရက်သတ္တပတ်အတွင်း မိမိတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံ့လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားပြီး ဒဏ်ရာတွေအသီးသီးရရှိခဲ့တာကြောင့် နည်းပြဂွါဒီယိုလာအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သိရပါတယ်။

မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်း၊ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်၊ ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီ၊ အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာ၊ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ ပေါ်တူဂီနောက်ခံလူရူဘင်ဒီယက်စ်တို့က မတ်လနိုင်ငံတကာရက်သတ္တပတ်အတွင်း နိုင်ငံ့လက်ရွေးစင်အသင်းတွေရဲ့ ပွဲတွေမှာ ဒဏ်ရာတွေ အသီးသီးရခဲ့ကြတာပါ။

မတ်လနိုင်ငံတကာရက်သတ္တပတ်အပြီးမှာ မန်စီးတီးအသင်းကို ပွဲကြီးပွဲကောင်းတွေက အသင့်စောင့်ကြိုနေပါတယ်။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်မှာ ရမှတ်(၁)မှတ်အသာနဲ့ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ မတ်(၃၁)ရက်နေ့မှာ ကစားရမှာဖြစ်ပြီး၊ နောက်(၃)ရက်အကြာ ဧပြီ(၃)ရက်နေ့မှာ အဆင့်(၄)က ဗီလာအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း စပိန်အသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ဧပြီ (၉)နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အသင်းရဲ့အဓိကကစားသမားတွေ ဒဏ်ရာရပြီး ပြန်လာတာက ဂွါဒီယိုလာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။

ဖလား(၃)လုံးချန်ပီယံဆုတွေကို ပြန်ထိန်းသိမ်းဖို့ ဖိအားတွေရှိနေတဲ့ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စိန်ခေါ်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသလို၊ ချန်ပီယံလိဂ်မှာလည်း အအောင်မြင်ဆုံးကလပ် ရီးရယ်လ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ရင်တောင် ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်(သို့)အာဆင်နယ်နဲ့ ဆုံတွေ့ရမှာပါ။

မန်စီးတီးအသင်းအနေနဲ့ FA ဖလားမှာလည်း ဗိုလ်လုပွဲတက်ဖို့အတွက် လန်ဒန်အသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရမှာပါ။ ဒါကြောင့် ဖလား(၃)လုံးထဲက ဘယ်ဖလားကို မန်စီးတီးအသင်း ပြန်ပြီး ထိန်းသိမ်းနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီး လက်ရှိ အသင်းရဲ့ပွဲကျပ်ကာလမှာ ရင်ဆိုင်နေရတဲ့ ဒဏ်ရာပြဿနာကိုလည်း ဂွါဒီယိုလာအနေနဲ့ ဘယ်လိုရုန်းကန်ကျော်လွှားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *