မန်ယူနိုက်တက်နည်းပြရာထူးနဲ့ ပတ်သက်တဲ့ ထင်ကြေးသတင်းတွေကို မိမိဂရုမစိုက်ဘူးလို့ တန်ဟတ်တုံ့ပြန်

0

ဒီနေ့ကစားမယ့် ဘရန်ဖိုဒ့်-မန်ယူနိုက်တက်ပွဲအတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူ့ရဲ့နည်းပြရာထူးနဲ့ ပတ်သက်ပြီးထွက်ပေါ်နေတဲ့ ထင်ကြေးသတင်းတွေကို ဂရုစိုက်သွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ INEOS အစုအဖွဲ့ဟာ နွေရာသီမှာ နည်းပြအဖွဲ့ကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၂၈)ပွဲကစားအပြီးမှာ ရှုံးပွဲ (၁၁)ပွဲအထိ ကြုံတွေ့ကာ အမှတ်ပေးဇယားအဆင့်(၆)နေရာမှာရပ်တည်နေပြီး အဆင့်(၄)နေရာက အက်စတွန်ဗီလာအသင်းနဲ့ (၉)မှတ်အထိကွာဟနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် တန်ဟတ်ရဲ့မန်ယူနိုက်တက်အသင်းနည်းပြရာထူးဟာ လှုပ်ခတ်မှုတွေရှိနေတာပါ။

မကြာသေးခင်က မန်ယူနိုက်တက်အသင်းဟာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်၊ ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်တို့ကို ချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် သူတို့ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။

တန်ဟတ်က”မန်ယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့သူတွေဟာ ကောလာဟလတွေ၊ ဆူညံသံတွေ အမြဲတမ်းရှိတယ်ဆိုတာ ခင်ဗျားတို့သိပါတယ်။ ကျွန်တော်တို့ဟာ လုပ်ငန်းစဉ်တွေကို အာရုံစိုက်နေပြီး ပိုကောင်းအောင်ကစားဖို့နဲ့ ကစားပုံတိုးတက်ဖို့ကိုပဲ အာရုံစိုက်ပါတယ်။ ဒါကြောင့် တခြားအရာတွေကို ကျွန်တော်ဂရုစိုက်မှာမဟုတ်ဘူး”လို့ ဆိုခဲ့ပါတယ်။

ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်အတွက် မန်ယူနိုက်တက်အသင်းလူစာရင်းထဲ ပြန်ပါဝင်လာမှာဖြစ်ပြီး ဘယ်နောက်ခံလူ လုပ်ခ်ရှောကလည်း ရာသီမကုန်ခင်မှာ ပြန်ကစားနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း တန်ဟတ်က မီဒီယာသမားတွေကို အသိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *