နူနက်ဇ် ဦးဆောင်တဲ့ ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာ ပရိတ်သတ်တွေ ပွဲကြည့်စင်ပေါ်မှာ ရန်ဖြစ်

0

ဒီမနက်ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ် ဥရုဂွေး(ဝ-၁)ကိုလံဘီယာပွဲအပြီးမှာ လီဗာပူးလ်တိုက်စစ်မှူးဒါဝင်နူနက်ဇ်ဦးဆောင်တဲ့ ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာအသင်းပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

ဥရုဂွေးအသင်းဟာ ဒီပွဲမှာ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ဦးအသာနဲ့ ကစားခဲ့ရသလို ဂိုးရနိုင်မယ့် အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။

ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့တဲ့ ဒီပွဲအပြီးမှာ ဒါဝင်နူနက်ဇ် ဦးဆောင်တဲ့ ဥရုဂွေးကစားသမားတွေဟာ ပွဲကြည့်စင်ပေါ်အထိ တက်ကာ ကိုလံဘီယာအသင်းပရိသတ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ထွက်ပေါ်လာတဲ့ ရုပ်သံတွေမှာ ဒါဝင်နူနက်ဇ်ဟာ ပရိသတ်တစ်ဦးရဲ့ထိုးကြိတ်တာခံခဲ့ရပြီး သူကလည်း ပြန်လည်ထိုးကြိတ်ခဲ့ပါတယ်။ ဥရုဂွေးနောက်ခံလူ ဟီမီနက်ဇ်ကလည်း ကိုလံဘီယာပရိသတ်တွေကို လက်သီးနဲ့ထိုးနေတာ NBC News က ထုတ်လွှင့်တဲ့ ရုပ်သံဖိုင်တွေမှာ တွေ့ခဲ့ရပါတယ်။

လုံခြုံရေးအဖွဲ့တွေဟာ ဒီအခြေအနေတွေကို ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး ဥရုဂွေးကစားသမားတွေကို အဝတ်လဲခန်းဆီအမြန်ဆုံးပို့ဆောင်ဖို့ ကြိုးစားခဲ့ရပါတယ်။

ဟီမီနက်ဇ်က ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက ပွဲကြည့်စင်ပေါ်မှာ ရှိတဲ့ ကစားသမားတွေရဲ့ မိသားစုဝင်တွေဆီကို ကိုလံဘီယာပရိသတ်တွေက အပေါ်ကနေ အရာဝတ္တုတွေ ပစ်ချခဲ့တာကြောင့် အန္တရာယ်ရှိခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့ ကစားသမားတွေက မိသားစုတွေကို အကာအကွယ်ပေးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူ့ရဲ့စကားကို ဥရုဂွေးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အလွန်ဆိုကလည်း ထောက်ခံခဲ့ပါတယ်။

ကိုလံဘီယာအသင်းဟာ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဥရုဂွေးအသင်းကတော့ တတိယနေရာလုပွဲအဖြစ် ကနေ‌ဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *