ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးရှုံးနိုင်နိုင် ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားအပြီးထိ FA ထိန်းထားလို

0

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ လာမယ့် စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် နည်းပြဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးကိုင်တွယ်စေချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆောက်ဂိတ်ဟာ သူ့ရဲ့အနာဂတ်မရေမရာမှုတွေနဲ့အတူ အင်္ဂလန်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ဦးဆောင်ကိုင်တွယ်ထားသူပါ။

ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တို့ရဲ့စာချုပ်ဟာ ဒီဇင်ဘာကျရင်ကုန်ဆုံးမှာဖြစ်ပြီး ဆောက်ဂိတ်ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားပါတယ်။

ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်းမှာ ပရိသတ်တွေက သူ့အပေါ် ဆိုးရွားစွာဆက်ဆံမှုတွေကြောင့် အင်္ဂလန်အသင်းနည်းပြရာထူးကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကတော့ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် မှန်ကန်တဲ့သူဖြစ်တယ်ဆိုတာကို ဆက်ပြီးထောက်ခံနေတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့်ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ စပိန်အသင်းကို အရေးနိမ့်ခဲ့ရင်တောင် FA ဟာ ဆောက်ဂိတ်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အနည်းဆုံးနောက်ထပ်(၂)နှစ်ကိုင်တွယ်စေချင်နေတာပါ။

တကယ်လို့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးက ဆောက်ဂိတ်ထွက်ခွာခဲ့ရင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ သူ့ရဲ့နေရာမှာ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်း၊ ချယ်လ်ဆီးအသင်းနည်းပြဟောင်းတွေဖြစ်တဲ့ ပိုချက်တီနိုနဲ့ ဂရဟေမ်ပေါ်တို့ထဲက တစ်ဦးကို အစားထိုးခန့်အပ်ဖို့ရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ဆောက်ဂိတ်ဟာ သူ့ရဲ့လက်ထက်မှာ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ(၂)ကြိမ်ဆက်တက်နိုင်အောင် ကိုင်တွယ်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *