ဘာပေကို Ninja Turtles မျက်နှာဖုံးနဲ့ လှောင်ပြောင်ဖို့ ယာမားလ် စီစဉ်ခဲ့

0

စပိန်ကြယ်ပွင့် လာမင်းယာမားလ်ဟာ စပိန်အသင်းက ပြင်သစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေကို Ninja Turtles မျက်နှာဖုံးနဲ့ လှောင်ပြောင်မှုပြုလုပ်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ ရုပ်သံထွက်ပေါ်လာခဲ့ပါတယ်။

လာမင်းယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြသနေပြီး စပိန်အသင်းကို ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးထားတဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်တာပါ။

လာမင်းယာမားလ်ဟာ အသက်(၁၇)နှစ်ပြည့်ပြီး နောက်တစ်ရက်အကြာ ဘာလင်မှာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ လာမင်းယာမားလ်ဟာ ပွဲအပြီးမီဒီယာဇုန်မှာ Ninja Turtle မျက်နှာဖုံးဝတ်ဆင်ပြီး အင်တာဗျူးဖြေဖို့ ရှိခဲ့ပေမယ့် တာဝန်ရှိသူတစ်ဦးက သူ့ဆီကနေ မျက်နှာဖုံးကို ယူသွားခဲ့တာပါ။

ဘာပေဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဩစတြီးယားအသင်းနဲ့ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးပြီးနောက် မျက်နှာဖုံးဝတ်ဆင်ပြီး ပွဲစဉ်တွေကို ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ လာမင်းယာမားလ်ဟာ ဘာပေကို လှောင်ပြောင်မယ့် အခွင့်အရေးငြင်းပယ်ခံခဲ့ရပေမယ့် သူ့ရဲ့မျက်နှာမှာ ပြုံးရွှင်နေခဲ့တာပါ။ လာမင်းယာမားလ်နဲ့ ဘာပေတို့ဟာ လာမယ့်ရာသီသစ် စပိန်လာလီဂါပြိုင်ပွဲမှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

လာမင်းယာမားလ်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ စပိန်အသင်းနဲ့ လေ့ကျင့်ပြင်ဆင်နေပြီး ဆုဖလားကို စပိန်နိုင်ငံထံ သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *