နည်းပြတန်ဟတ်နဲ့ ဆွေးနွေးပြီးနောက် မန်ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဆန်ချို ပြန်လည်ပါဝင်

0

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုပြုလုပ်ပြီးနောက် မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့စက်တင်ဘာက အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာသူ့ကို လူစာရင်းက ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ပြောဆိုမှုကို ပြန်တုံ့ပြန်ခဲ့တာကြောင့် နှစ်ဦးကြားတင်းမာမှုတွေရှိခဲ့တာပါ။

ဆန်ချိုဟာ တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ ပိုဆိုးခဲ့ပြီး ဆန်ချိုကို တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်ဖို့ မန်ယူနိုက်တက်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆန်ချိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလက အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြန်မပြောင်းရွှေ့ခင် (၄)လကြာ တစ်ဦးတည်းလေ့ကျင့်ခဲ့ရတာပါ။ ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့ပေမယ့် တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် သူ့ရဲ့မန်ချက်စတာကလပ် အနာဂတ်ဟာ မရေရာမှုတွေရှိလာခဲ့ပါတယ်။

ဒါပေမယ့် ဆန်ချိုဟာ ရာသီကြိုအတွက် စမ်းသပ်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကို ရောက်ရှိလာချိန်မှာ တန်ဟတ်နဲ့ ဆွေးနွေးခဲ့တာပါ။ အဲ့ဒါကြောင့် ဆန်ချိုဟာ (၁၀)လအတွင်း ပထမဆုံးအကြိမ် မန်ယူနိုက်တက်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်မှုပြန်လည်ပြုလုပ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ အမေရိကန်နိုင်ငံကို သွားရောက်မယ့် မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုခြေစမ်းခရီးစဉ်မှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ တနင်္လာနေ့မှာ ရာသီကြိုပထမဆုံးခြေစမ်းပွဲအဖြစ် ရိုစင်ဘော့အသင်းနဲ့ ကစားမှာဖြစ်ပြီး ဒီပွဲမှာ ဆန်ချို ပါဝင်နိုင်ဖွယ်မရှိဘဲ ကာရင်တန်မှာ လေ့ကျင့်မှုတွေဆက်ပြီး ပြုလုပ်ရဖို့ ရှိနေ ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆန်ချိုကို ရောင်းချဖို့ စီစဉ်နေပြီး တန်ဟတ်နဲ့ ဆွေးနွေးမှုအဆင်ပြေခဲ့တာကြောင့် ကလပ်မှာဆက်ပြီးရှိမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *