ယူရို-၂၀၂၄ ချန်ပီယံဖြစ်ရင် အင်္ဂလန်ကစားသမားတွေ ဆုကြေးပေါင်(၁၄)သန်းအထိ ရရှိမယ်လို့ သတင်းထွက်

0

အင်္ဂလန်အသင်းဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့ရင် ကစားသမားတွေဟာ ဆုကြေးငွေ ပေါင်(၁၄)သန်းရရှိမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ယူရိုဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တက်တဲ့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲမှာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာလင်မှာကျင်းပမယ့် ဗိုလ်လုပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံဆုကို နိုင်ငံအတွင်း သယ်ဆောင်နိုင်ခဲ့မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ ဆုကြေးအများအပြားကိုလည်း ရရှိမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဆီကနေ ပေါင်(၂၄)သန်းရဖို့ ရှိနေတာပါ။ အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ ကြယ်ပွင့် ဘယ်လင်ဂမ်တို့အပါအဝင် အင်္ဂလန်ကစားသမားတွေဟာ ထပ်ပြီးရရှိမယ့် ပေါင်(၉.၆)သန်းကိုလည်း ခွဲဝေပြီး ရရှိကြဦးမှာဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ဟာ ဆုကြေးငွေပေါင်(၄)သန်းရရှိမယ်လို့ သိရပါတယ်။ အင်္ဂလန်ကစားသမားတွေဟာ စပွန်ဆာတွေကနေလည်း ဆုကြေးငွေအများအပြားထပ်ပြီး ရဖို့ ရှိနေတာပါ။ အင်္ဂလန်ကစားသမားတွေဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ချန်ပီယံဆုရယူပေးနိုင်ရင် ဆုကြေးငွေအများအပြားရမှာဖြစ်သလို စပိန်ကစားသမားတွေကလည်း နိုင်ငံအသင်းအတွက် ချန်ပီယံဆုရယူပေးနိုင်ရင် တစ်ဦးကိုပေါင်(၃)သိန်းကျော် ရရှိမယ်လို့ သိရပါတယ်။

စပိန်အသင်းခေါင်းဆောင် မိုရာတာနဲ့ ကွင်းလယ်လူ ရိုဒရီတို့ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်ကတည်းက စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)အကြီးအကဲတွေနဲ့ ဆွေးနွေးမှုတွေကို ဦးဆောင်ခဲ့ကြတာပါ။ တစ်ဦးကို ပေါင်(၃)သိန်းကျော်ပေးချေမှုက စပိန်လက်ရွေးစင်အသင်းသမိုင်းမှာ အကြီးမားဆုံးပေးချေမှုဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *