ရာသီကုန်ဖို့ (၅)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ခဲ့ပြီး ဖလား(၃)လုံးရယူဖို့ နီးစပ်လာတဲ့ လေဗာကူဆင်

0

မနေ့က ကစားခဲ့တဲ့ ဝါဒါဘရီမင်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လေဗာကူဆင်အသင်းက (၅-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး မိမိကွင်း၊ မိမိပရိသတ်ရှေ့မှောက်မှာ ဘွန်ဒစ်လီဂါချန်ပီယံအဖြစ် ပထမဆုံးအောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဘွန်ဒစ်လီဂါလက်ကျန်ပွဲစဉ်(၅)ပွဲအလိုမှာ လေဗာကူဆင်အသင်းအနေနဲ့ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို ရမှတ်(၁၆)မှတ်အထိ ဖြတ်နိုင်တာကြောင့် ရာသီမကုန်ခင် စောစောစီးစီးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ ဒီပွဲနိုင်ရင် ချန်ပီယံဖြစ်ခွင့်ရမှာကြောင့် ပွဲအစကတည်းက ပြိုင်ဘက်အသင်းကို တရစပ်တိုက်စစ်ဆင်ခဲ့ပြီး ဂိုးပေါက်ကို အကြိမ်(၂၀)ထက်မနည်း ကန်သွင်းခဲ့ကာ ဂိုးပေါက်တည့်ကန်ချက်က (၁၀)ကြိမ်လောက်ရှိပါတယ်။

ဂိုးတွေကို ဘွန်နီဖေ့စ်(၂၅ မိနစ် pen)၊ ရှာကာ(၆၀ မိနစ်)၊ ဖလော်ရီယန်ဗစ်ဇ်(၆၈ ၊ ၈၃၊ ၉၀ မိနစ်)တို့က သွင်းယူခဲ့ကြပါတယ်။ လေဗာကူဆင်အသင်းဟာ ဒီရာသီမှာတစ်ရာသီလုံး ပြိုင်ပွဲစုံ ရှုံးပွဲမရှိကစားပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရယူဆွတ်ခူးနိုင်ရုံမက ယူရိုပါလိဂ်မှာလည်း(လီဗာပူးလ်အသင်း ရှုံးနိမ့်ထားတာကြောင့်) ဗိုလ်စွဲဖို့ထိပ်ဆုံးက ရေပန်းအစားဆုံးအသင်းဖြစ်လာပါတယ်။

ဂျာမန် DFB ပိုကယ်လ်ဖလားမှာလည်း လေဗာကူဆင်အသင်းဟာ ဗိုလ်လုပွဲကို ရောက်နေတာကြောင့် ဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ပါတယ်။ လေဗာကူဆင်အသင်းကို လက်ရှိနည်းပြ ဇာဘီအလွန်ဆို စတင်တာဝန်ယူစဉ်အချိန် ၂၀၂၂၊ အောက်တိုဘာလက အသင်းမှာ တန်းမဆင်းရဖို့ရုန်းကန်ရဖွယ်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။

ပွဲစဉ်(၈)ပွဲကစားအပြီး ဇယားအောက်ဆုံး ဒုတိယနေရာ(အဆင့် ၁၇)သို့ ရောက်နေပြီး ဒီလိုအခြေအနေဆိုးနေတဲ့အသင်းကို အလွန်ဆိုက ရာသီကုန်မှာ အဆင့်(၆)ရစေခဲ့ကာ ယူရိုပါလိဂ်ဝင်ခွင့်ရစေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဒုတိယရာသီမှာတော့ ပြိုင်ပွဲစုံ ရှုံးပွဲမရှိကစားပြီး ဖလား(၃)လုံးအောင်မြင်မှုလမ်းကြောင်းပေါ်အထိရောက်အောင် အလွန်ဆိုက ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *